ပြည်တွင်းရေးကို အာဆီယံ အစည်းအဝေးမှာ မဆွေးနွေးဘူး လို့ မြန်မာအစိုးရပြော


2014.01.16
yehtut-305.jpg ပုဂံမြို့မှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ က နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
photo: RFA/ Kyaw Htoon Naing

မြန်မာနိုင်ငံက မတူညီတဲ့ ဘာသာရေးအသိုင်းအဝိုင်း နှစ်ခုအကြားက ပြဿနာတွေဟာ ပြည်တွင်းရေးဖြစ် တာကြောင့် အဲဒီပြဿနာတွေကိုဖြေရှင်းရာမှာ မြန်မာ အစိုးရနဲ့ မြန်မာပြည်သူတွေကသာ ဖြေရှင်းရ မှာဖြစ်ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန် ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပုဂံမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော လိုက်ပါတယ်။

ဒီကနေ့ ပုဂံမြို့ Aureum Palace Hotel မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးစတင်မယ့်နေ့မှာ ဒုတိယဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲကျင်းပစဉ် သတင်းထောက်တွေက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။

"ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံအတွင်းမှာ ကျနော်တို့ မတူညီတဲ့ ဘာသာရေးအသိုင်းအဝိုင်းနှစ်ခု အကြားမှာ ပြဿနာတွေဖြစ်ခဲ့တယ်။ ဒီပြဿနာတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တာကြောင့် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာပြည်သူတွေ ကသာ ဖြေရှင်းရမှာဖြစ်ပါတယ်။ သို့သော် တခြားနိုင်ငံတွေမှာ သူတို့လူ့အသိုင်းအဝိုင်းတွေကြားမှာ ဖြစ် တဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့အတွေ့အကြုံတွေကို ပြောကြမယ်ဆိုရင်တော့ ကျနော်တို့ နားထောင်ပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ကျင့်သုံးမယ်။ သို့သော် ကျနော်တို့ရဲ့ ပြည်တွင်း ကိစ္စ ကိုတော့ ဘယ်သူကမှလာပြီးတော့ ဘယ်လိုလုပ်ပါဘာညာလာပြီးတော့ ပြောဖို့အကြောင်း မရှိပါဘူး"

ဒါ့အပြင် ဒုတိယဝန်ကြီး ဦးရဲထွဋ်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အစိုးရအနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌနေရာ တာဝန်ယူနေချိန်အတွင်း ဒေသတွင်းနိုင်ငံတွေရဲ့ ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ဘက်မလိုက်ဘဲဖြေရှင်းနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနဲ့တရုတ်နိုင်ငံတို့ရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးဟာ အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ပြသနာတွေ ကိုဖြေရှင်းတဲ့နေရာမှာ အနှောင့်အယှက်၊ အတားအဆီးမဟုတ်ဘဲ အင်အားတစ်ခုဖြစ်တယ်လို့ ဦးရဲထွဋ် က ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများဆွေးနွေးပွဲကို ဒီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပုဂံမြို့ Aureum Palace Hotel မှာ ကျင်းပနေတာဖြစ်ပါတယ်။

ဒီနေ့ ပုဂံမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြောကြားချက်တွေကို RFA  သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။