ဘင်္ဂလားဒေ့ရှ်ကို ပစ်ခတ်ခဲ့ခြင်း မရှိလို့ မြန်မာအစိုးရ ပြောကြား


2016.05.18
zawhtay-620.jpg နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကြောင်း ရေးသားတဲ့ ကိစ္စဟာ မှားယွင်းကြောင်း မြန်မာဘက်က ပစ်ခတ်တာ မရှိကြောင်း မြန်မာအစိုးရက ငြင်းဆိုလိုက်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်မြေခံ စ က ခ မှူးကို ကွင်းဆင်းစစ်ဆေးခိုင်းရာမှာ မြန်မာဘက်က ပစ်ခတ်တာ မရှိဘူးလို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

"အဲ့ဒါမဟုတ်ဘူးဗျ၊ အဲ့သတင်းရတယ်၊ ရတဲ့အတွက် တပ်မတော်ဖက်ကိုမေးလိုက်တယ်၊ မေးလိုက်တော့ နယ်ခြားစောင့်တပ်ကနေအချင်းချင်း သူတို့သတင်း ပို့တော့ အဲ့မှာရှိတဲ့ နယ်မြေခံ စ က ခ မှူးကို တာဝန်ပေးပြီးတော့ စစ်ဆေးဆိုပြီးတော့ စစ်ခိုင်းလိုက်တယ်၊ စစ်ခိုင်းလိုက်တဲ့အချိန်မှာ သူတို့ပြောတဲ့နေရာ က ကျနော်တို့နယ်စပ်နဲ့ ဝေးတယ်၊ ဘင်္ဂလားဒေ့ရှ်အတွင်းထဲမှာ တော်တော် ကျတယ်၊ နံပါတ် ၂ အချက်က သူတို့ဆီမှာ ကျတယ်ဆိုတာ ၆၀ မမ ကျတယ် လို့ပြောတယ်၊ ဒီဖက်က နေပြန်ပြီးတော့ တွက်လိုက်တော့ အဲ့နေရာကို မြန်မာတပ်တွေရှိတဲ့နေရာကနေ ပစ်ရင်မမှီဘူး"

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်မြေထဲကို မြန်မာဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ က မြန်မာသံရုံးကတစ်ဆင့် မြန်မာ အစိုးရထံ ကန့်ကွက်ကြောင်း စာပို့ထား တယ်လို့ The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါကာမြို့မှာရှိတဲ့ မြန်မာသံရုံးကနေ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဆီ အဲဒီလို စာပေးပို့တာ မရှိသေးကြောင်းနဲ့ ရှိလာရင်လည်း သံတမန်နည်းလမ်း အရ ဖြေရှင်းသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲကို မြန်မာဖက်က ပစ်ခတ်မှုမရှိဘူးလို့ မြန်မာအစိုးရက ငြင်းဆိုပါတယ်။ မေလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံထုတ် The Daily Star သတင်းစာမှာ မြန်မာဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နယ်စပ်ထဲ ကျရောက်တယ်လို့ ရေးသားထားကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။