ဆက်ဆံမှုတိုးရေး မြန်မာနဲ့ ရုရှားသမ္မတ ဆွေးနွေး


2016.05.19
russia-myanmar-president-620.jpg ရုရှားနိုင်ငံ ဆိုချီမြို့မှာ မေလ ၁၉ ရက်နေ့က စတင်ကျင်းပတဲ့ အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာ သမ္မတ ဦးထင်ကျော်နဲ့ ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင် တို့ တွေ့ဆုံကြစဉ်
Photo: Myanmar President Office Facebook

ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ရုရှားအာဆီယံ ထိပ်သီးညီလာခံ တက်ရောက်နေတဲ့ သမ္မတ ဦးထင်ကျော်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဒီကနေ့ သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဆွေးနွေးရာမှာ ရင်းနှီးမြုှပ်နှံမှုနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးမှာဖြစ် သလို ဒေသတွင်းကိစ္စတွေနဲ့ ပတ်သက်လို့လည်း အမြင်သဘောထားချင်း ဖလှယ်ကြမယ်လို့ ရုရှသမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ယူရီအူရှာကော့ဗ် Yuri Ushakov က ဆွေးနွေးပွဲမတိုင်ခင်မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလူမှုရေး ပြုပြင်ပြောင်းလဲလာတာနဲ့အမျှ တခြားကဏ္ဍတွေမှာလည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးလမ်းစတွေ ပိုပွင့်လာတယ်လို့လည်း သူကပြောပါတယ်။ နှစ်နိုင်ငံအကြား လေကြောင်း လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ ဆက်ဆံရေး တိုးမြင့်ဖို့ မျှော်လင့်ထားတယ်လို့ ရုရှားအစိုးရ Tass သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

တချိန်ထဲမှာလည်း ရုရှားအစိုးရပိုင် Rostec ကုမ္ပဏီက မြန်မာနိုင်ငံမှာ မော်တော်ကား၊ ရဟတ်ယာဉ်နဲ့ တခြားစက်မှု ပစ္စည်းတွေ တင်ပို့ရောင်းချဖို့ စိတ်ဝင်စားကြားကြောင်း Rostec ဒုတိယအကြီးအကဲ Nikolay Volobuev က ပြော ကြားကြောင်းလည်း ဒီကနေ့ ထုတ်ပြန်တဲ့ Tass သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။