စစ်ကိုင်းလုပ်သား နစ်နာချက် လွှတ်တော်တင်ပြမယ်


2016.05.17
myanmar-veneer-march-npd-620.jpg စစ်ကိုင်းမြို့ကနေ လမ်းလျှောက်ချီတက်လာတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားတွေ မေလ ၁၇ ရက်နေ့က ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာကို ရောက်ရှိလာစဉ်
Photo: Myo Thant Khaing/RFA

နေပြည်တော် တပ်ကုန်းမြို့နယ်ကနေ ၅ မိုင်အကွာမှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားတွေက လွှတ်တော် ကြားနာပွဲ ပြုလုပ်ပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေဘက်က တရားဝင်စာတင်ပြဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောဆိုတယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို မေးမြန်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ထံ တင်ပြရာမှာ လွှတ်တော်ဥက္ကဌက အခုလို လမ်းညွန်ခဲ့ တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်က  ပြောပါတယ်။

"မနေ့က အလုပ်သမားအဖွဲ့တွေနဲ့  နေပြည်တော်ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ပါ တယ်၊ တွေ့ဆုံချက်ကို  ကျနော်တို့ရဲ့လွှတ်တော်ဥက္ကဌ ကိုသွားရောက်ပြီးတော့ အစီရင်ခံစာတင်မှာပါ၊  အလုပ်သမားတွေဆီကနေ ဘာသိရလဲဆိုတော့ လွှတ်တော်မှာလာပြီးတော့  လွှတ်တော်ရဲ့ကြားနာမှုကို သူတို့ခံယူချင်တယ်လို့ပြောတဲ့အတွက်  အလုပ်သမားတွေရဲ့ သဘောထားကို လွှတ်တော်ဥက္ကဌဆီမှာ ကျနော်တို့သွားရောက်ပြီးတော့  တင်ပြတာပါ၊ လွှတ်တော်ရဲ့လုပ်ထုံး၊ လုပ်နည်းအရကြားနာမှုမျိုးကို  ခံယူချင်တယ်ဆိုရင် လွှတ်တော်ဥက္ကဌစီလိပ်မူပြီးတော့ စာရေးခွင့်တောင်းဖို့ လိုပါမယ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ အနေနဲ့ လိုအပ်သလိုစီမံဆောင်ရွက်ပေးမယ်လို့  ဆရာဦးဝင်းမြင့်က ကျနော်တို့ ကနေတဆင့်သတင်း စကားပေးလိုက်ပါတယ်"

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ မနေ့က ဆွေးနွေးခဲ့တဲ့ရလာဒ်အရ အလုပ်သမားတွေက တရားလွှတ်တော်မှာ ဒီနေ့ စာချွန်လွှာသွားတင်ခဲ့ပေမယ့် တရားဝင်အလုပ်သမား ကိုယ်စားလှယ်လွှဲစာလိုအပ်တဲ့အတွက်ဆိုပြီး လက်မခံလိုက်ပဲ မနက်ဖြန်ကျရင် တပ်ကုန်းမြို့နယ် တရားရုံးမှာ အဲဒီလွှဲစာပြုလုပ်ရမှာဖြစ်ပါတယ်။

တပ်ကုန်းမြို့အဝင်မှာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေကတားဆီးဖို့ မနေ့က စောင့်နေခဲ့ပေမယ့်၊ ဒီနေ့မှာတော့ အဲဒီအတားအဆီးတွေမတွေ့ရတော့ဘူးလို့ အလုပ်သမားကိုယ်စားလှယ် တွေကပြောပါတယ်။

အခုပြသနာကို လွှတ်တော်ကော်မတီတွေက ကြားနာဆောင်ရွက်မယ့်ကာလအတွင်း အလုပ်သမားတွေရဲ့ နေထိုင် စားသောက်မှုအတွက် လွှတ်တော်ကိုယ်စား လှယ်တွေက စီစဉ်ပေးမယ်လို့ကတိပေးထားကြောင်းလည်း အလုပ် သမားတွေကပြောပါတယ်။

စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၁ဝဝ ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေရဖို့ စက်ရုံပိုင်ရှင်နဲ့  ပြီးခဲ့တဲ့နှစ်ကတည်းက အကြိမ်ကြိမ် ဆွေးနွေးပြီး ဒေသဆိုင်ရာ ခုံသမာဓိရုံးရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပေမယ့် အလုပ်ရှင်ဖက်က လက်မခံပဲ အလုပ်ထုတ်ခဲ့တဲ့အတွက် အခုလို အခြေအနေဖြစ်လာတာလို့ အလုပ်သမားတွေ ကပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ဧပြီလ ၂၉ရက်နေ့စတင်ကာ နေပြည်တော်ကို လမ်းလျှောက် ချီတက်လာနေတာဖြစ် ပြီး အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားအားလုံးကို အလုပ်ပြန်ခန့်ပေးဖို့၊ အလုပ်ထုတ်ခံထားရစဉ် ကာလအတွက် နစ်နာကြေးပေးဖို့၊ ဆန္ဒပြတဲ့အတွက်အရေးမယူဖို့၊ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေး ဖို့နဲ့ အဲဒီအချက်တွေကို မလိုက်လျောရင် အလုပ်ရှင်ကိုအရေးယူဖို့ တောင်းဆိုထားကြပါတယ်။

Myanmar Veneer သစ်အချောထည်စက်ရုံက သပိတ်မှောက်အလုပ်သမားတွေက မနေ့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသဘောတူမှုအရ ဒီနေ့ နေပြည်တော်က တရားလွှတ်တော်ရုံးချုပ်မှာ စာချွန်လွှာသွားတင်ခဲ့ကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အလုပ်သမားတွေကို ကူညီနေတဲ့ တိုးတက်သောအလုပ်သမားများသမဂ္ဂ ခေါင်းဆောင် ကိုရန်နိုင်ထွေး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။