မြန်မာလုပ်သား ၄၀ လောက် ဖမ်းဆီးခံရ


2018.01.10
thai-migrant-workers-622.jpg ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်
Photo: RFA

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နကော့ပထုန်ခရိုင်အတွင်း လူသုံးကုန်ပစ္စည်းထုတ်စက်ရုံ ၂ ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀ လောက်ကို ထိုင်းပူးပေါင်းအဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

စာရွက်စာတမ်းမှာ ပါဝင်တဲ့ လုပ်ငန်းနဲ့ အလုပ်ရှင်နာမည် ကိုက်ညီမှုမရှိတဲ့အတွက် ဖမ်းဆီးခံရတာလို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုး က ပြောပါတယ်။

"ဘန်ကောက်မြို့တော်အနီးမှာရှိတဲ့ စက်ရုံအလုပ်ရုံ ၂ ခု ကို ထိုင်းစစ်တပ်နဲ့ ရဲဘက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ကနေ အဲဒီမှာရှိတဲ့ စာရွက်စာတမ်းတွေ စစ်ဆေးရင်းကနေ အလုပ်သမား ၄၀ လောက် အဖမ်းခံရတယ်။ အလုပ် သမားတွေမှာ ကိုင်ထားတဲ့ စာရွက်စာတမ်းတွေနဲ့ အလုပ်နေရာတို့ အလုပ်ရှင်အမည်ခံထားတာတွေ လွဲနေတာတွေရှိတာပေါ့ အလုပ်နေရာမတူတာရယ် အလုပ်ရှင်မတူတာရယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား နိုင်ငံခြားသားတွေကို စာရွက်စာတမ်း မပြည့်စုံတာ၊ အလုပ်ရှင်နာမည် မတူညီတာ၊ လုပ်ငန်း မကိုက်ညီတာတွေကို ပြင်ဆင်ဖို့ လာမယ့် ဇူလိုင်လအထိ အချိန် ၆ လပေးကြောင်း ထိုင်းအစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သတ်မှတ်ကာလမပြည့်မီ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အခုလို ဖမ်းဆီးတာဟာ အပြောနဲ့ အလုပ် မကိုက်ညီဘူးလို့ ဦးမိုးကြိုးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေကို တရားမဝင်အလုပ်သမားအဖြစ်သတ်မှတ်ပြီး အရေးယူမယ်ဆိုရင် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအသစ်နဲ့ အရေးယူခံရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ ဥပဒေအသစ်အရ တရားမဝင်အလုပ်သမားတစ်ဦးကို ငွေဒဏ် ဘတ်ငွေ ၂ သောင်းကနေ ၂ သိန်းထိဖြစ်ပြီး လက်ခံထားတဲ့ အလုပ်ရှင်အနေနဲ့ ငွေဒဏ် ဘတ်ငွေ ၄ သိန်းကနေ ၈ သိန်းအထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

ငွေဒဏ်တွေမဆောင်နိုင်ဘူးဆိုရင် အလုပ်သမားတစ်ဦးကို ထောင်ဒဏ် တစ်နှစ် အလုပ်ရှင်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်ကြောင်း ပြဌာန်းထားတာဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေဟာ ၂၀၁၈ ခုနှစ်မှာ ပထမဆုံးအကြိမ် ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေအရေးကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ကူညီလုပ်ဆောင်ပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းရဲတွေက စာရွက်စာတမ်း စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ငွေတောင်းရမ်းတာတွေ အမြဲတမ်းလိုလိုရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။