မြန်မာအလုပ်သမား တစ်ထောင်နီပါးကို အလုပ်ပြန်ခန့်နိုင်ဖို့ စီစဉ်


2017.10.24
lotus-fire-622.jpg ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်က LOTUS ဆိုဖာစက်ရုံ အောက်တိုဘာလ ၂၂ ရက်နေ့က မီးလောင်ခဲ့စဉ်
Photo: Ye Min's facebook

အောက်တိုဘာလ ၂၂ ရက်နေ့က စက်ရုံတစ်ရုံလုံးနီးပါး မီးလောင်ကျွမ်းခဲ့တဲ့ ထိုင်းနိုင်ငံ၊ နခွန်ပထုန်မြို့နယ်က လို့စ်တက်စ် ဆိုဖာစက်ရုံက မြန်မာအလုပ်သမား တစ်ထောင်နီပါးကို အလုပ်ပြန်ခန့်ပေးနိုင်ဖို့ စက်ရုံဘက်က တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စက်ရုံဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ ပြောထားလို့  အလုပ်သမားတွေက စောင့်ဆိုင်းနေ တာဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ် အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"မီးလောင်သွားတဲ့အလုပ်ရုံမှာ လုပ်ငန်းခွဲတွေရှိတဲ့အတွက် လုပ်ငန်းခွဲတွေကို ပို့ပေးမလားတော့ မသိသေးဘူးပေါ့နော်၊ အလုပ်သမားတွေက ကျွန်တော်တို့ အကူအညီ လောလောဆယ်မလိုသေးဘူး၊ သူဌေးဘက်က အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောထားတယ်၊ သူတို့ဒုက္ခရောက်ပြီဆိုပြီး ထိထိရောက်ရောက် အကူအညီ တောင်းလာတာမရှိသေးဘူး၊ အလုပ်ရုံက စီစဉ်ပေးမယ်ဆိုတာနဲ့ပဲ သူတို့ကငြိမ်နေသေးတယ်၊ အလုပ်ရုံဘက်ကတော့ လုံးဝပစ်ထားတာမျိုးတော့ မဟုတ်ဘူး၊ သူတို့ကို အဆင်ပြေအောင် ပြန်စီစဉ်ပေးမယ့် အနေအထားမှာရှိတယ်။"

အဲဒီစက်ရုံဟာ မွေ့ယာတွေ၊ ပိတ်စတွေ၊ ခေါင်းအုံးတွေ၊ အိပ်ယာခင်းတွေ ထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး စက်ရုံ အဆောက်အအုံရဲ့ ၈၀ ရာခိုင်နှုန်းလောက် မီးထဲပါသွားတာဖြစ်ပါတယ်။ ညပိုင်းနဲ့ နေ့ပိုင်း အလုပ်ချိန် အပြောင်းအလဲ လုပ်နေချိန်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်တဲ့အတွက် အလုပ်သမားတွေ ထိခိုက် ဒဏ်ရာရတာတွေမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီစက်ရုံမှာ လက်ရှိအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား တစ်ထောင်နီးပါးထဲမှာ MOU အလုပ်သမား ၄၀၀ လောက်ရှိပြီး အဲဒီအလုပ်သမား ၄၀၀လောက်ဟာ အလုပ်ဝင်တာ ၁ လကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။