NLD ဗဟိုအမျိုးသမီးကော်မတီ မြစ်ကြီးနား က ကယ်ဆယ်ရေးစခန်းတွေ သွားရောက်


2017.10.08
nld-kachin-refugees-help-622.jpg NLD ဗဟိုအမျိုးသမီးကော်မတီ ဥက္ကဌ ဒေါက်တာမေဝင်းမြင့် ဦးဆောင်တဲ့အဖွဲ့ ကချင်ပြည်နယ်က စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ အကူအညီတွေ ပေးအပ်စဉ်
Photo: RFA

ငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ အမျိုးသမီးတွေ ပူးပေါင်း ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်က ဗက်လင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြသူတွေ နဲ့ တေ့ွဆုံချိန်မှာ ဒေါက်တာမေဝင်းမြင့် က ပြောတာဖြစ်ပါတယ်။

"ငြိမ်းချမ်းမှပြန်လို့ရမှာဖြစ်ပါတယ်။ အဲဒီအခါမှာ ငြိမ်းချမ်းရေးရဖို့အတွက် ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေ ကို အနောက်ကနေ ပံ့ပိုးကူညီနိုင်တာက အခု ဒီမိသားစုဝင် အမျိုးသမီးတွေပဲဖြစ်ပါတယ်။ ကိုယ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေအားလုံးကို အနောက်ကနေပြီးတော့ ပြောပြပေးပါ။ ကိုယ့်ရဲ့ အိမ်သားတွေ ပြောတယ်ဆိုတာက တခြားလူတွေပြောတာထက် အများကြီးနားဝင်ပါတယ်လို့နော်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရဖို့အတွက် ကျမတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘက်ပေါင်း စုံ ဆောင်ရွက်နေတဲ့အခါမှာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ စစ်ရှောင်စခန်းက မိခင်တွေ၊ အိမ်ထောင် စုတွေအနေနဲ့ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်"

မြေမြုှပ်မိုင်းရှင်းလင်းရေးကိစ္စတွေကို အစိုးရနဲ့ လက်နက်ကိုင် နှစ်ဖက်စလုံးက လုပ်ဆောင်ရမှာဖြစ်ပြီး စစ်ဘေး ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အရေးကြီးတဲ့ မိုင်းရှင်းလင်းရေးကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့် ဦးဆောင်တဲ့အဖွဲ့ဟာ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့ မြို့နယ်လေးခုက ကယ်ဆယ်ရေးစခန်းတချို့ကို အကူအညီတွေ ပေးအပ်တာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင် နဲ့ အလှူရှင်တွေလှူဒါန်းကြတဲ့ ငွေကျပ် သိန်းလေးရာကျော် တန်ဖိုးရှိတဲ့ ဗလာစာအုပ်၊ အဝတ်အထည်၊ ဆန်၊ ဆီ၊ ဆား၊ ကော်ဖီမစ်စတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါး ပစ္စည်းတွေကို ပေးအပ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ယက်လည်း လိုက်ပါလာပြီး ကယ်ဆယ်ရေး စခန်းတချို့မှာ ကျန်းမားရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း အားလုံးပေါင်း ၉၀ ကျော်ရှိပြီး အဲဒီစခန်းတွေမှာ စစ်ဘေးဒုက္ခသည် ၄ သောင်းဝန်းကျင် ခိုလှုံနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။