မြစ်ဆုံစီမံကိန်းကော်မရှင် အစည်းအဝေး မကြာခင်စမည်


2016.08.15
tikhunmyat-620.jpg ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ် ကို တွေ့ရစဉ်
Photo: RFA

ဧရာဝတီ မြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် အစည်းအဝေးကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ကော်မရှင် ဥက္ကဌ ဦးတီခွန်မြတ် က ပြောပါတယ်။

ကော်မရှင်ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေ က မေးမြန်းရာမှာ ဦးတီခွန်မြတ် က ပြောခဲ့တာဖြစ်ပါတယ်။

"၂၂ ရက်နေ့မှာ အစည်းအဝေး ပထမဦးဆုံး ထိုင်ပါ့မယ်၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့ပြီးမှပဲ ဘယ်တော့ဆင်းမယ် ဆိုတာ ပေါ်လာမှာ"

အဲ့ဒီကော်မရှင်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ဥက္ကဌ တာဝန်ယူပြီး ပြည်ထောင်စု ဝန်ကြီးတွေ ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြင်ပ ပညာရှင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၂၀ နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်နဲ့ ရေသယံဇာတ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေတွေ၊ ဧရာဝတီမြစ် ရဲ့ တည်တံခိုင်မြဲမှုကို အကျိုးသက်ရောက်မှုရှိ မရှိ၊ စီမံကိန်းဆက်လက် ဆောင်ရွက်ရန် သင့် မသင့်နဲ့ နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှု အကျိုးသက်ရောက်မှု အခြေအနေစတဲ့အချက်တွေကို ကော်မရှင်က စိစစ်ရမှာဖြစ် ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီမြစ်အပေါ်ထားတဲ့ သဘောထားခံစားချက် အမြင်တွေကိုပါ ထည့်သွင်းတင်ပြရမှာဖြစ်သလို လုပ်ငန်းလိုအပ်ချက်အရ တည်ဆဲဥပဒေတွေနဲ့အညီ လူပုဂ္ဂိုလ်တွေ ကို ခေါ်ယူမေးမြန်းနိုင်သလို စာရွက်စာတမ်းတွေကိုလည်း ကော်မရှင်က တောင်းယူနိုင်တယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ကော်မရှင်ရဲ့ လေ့လာစိစစ်သုံးသပ်ချက် ပထမအစီအရင်ခံစာကို ၂၀၁၆ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးထား ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကို ပေးပို့ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။