၅ ရက်ကြာဆွေးနွေးပွဲ မျှော်မှန်း ထားသလောက် မအောင်မြင် ဘူးလို့ NCCT ပြော


2014.09.26
ncct-upwc-305 မြန်မာငြိမ်းချမ်းရေးစင်တာမှာ UPWC နဲ့ NCCT တို့ရဲ့ ၅ ရက်ကြာ ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Myo Zaw Ko , Kyaw Htoon Naing/ RFA

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် မူကြမ်းတစ်စောင်ထွက်ပေါ်ဖို့အတွက် ၅ ရက်ကြာ ဆွေးနွေးပွဲမှာ အရင်ကသဘောတူညီချက် ရထားတာတွေကို ပြန်ပြီးဆွေးနွေးခဲ့ရတဲ့ အတွက် မျှော်မှန်းထားသလောက် အောင်မြင်မှု မရှိခဲ့ကြောင်း NCCT ခေါင်းဆောင်တွေက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT တို့ရဲ့ ၅ ရက်ကြာ ဆွေးနွေးပွဲအပြီး NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင် က RFA ကိုပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ လိုချင်တဲ့အဖြေတော့မရသေးဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ စာချုပ်က အဆုံးသတ်မရောက်သေးဘူး အများကြီးညှိနှှိုင်းစရာရှိပါတယ်၊ အဲ့ဒီညှိနှှိုင်းစရာရှိတဲ့ထဲမှာကိုက ပြီးခဲ့တဲ့ ကျနော်တို့ တစ်ချိန်တုန်းကဆွေးနွေးပြီးတော့ တစ်ချိန်တုန်းက သဘောတူထားတဲ့အချက်တွေကိုလည်း ကျနော်တို့ အများကြီးပြန်ကြည့်ရတဲ့အပိုင်းတွေရှိတယ်၊ ဒါကလည်း သဘာဝကျပါတယ်၊ သူတို့ဘက်က ကြည့်တာလည်းရှိတယ်၊ ကျနော်တို့ဘက်က ကြည့်တာလည်းရှိတယ်၊ အဲ့ဒီအတွက်ကြောင့် ဟိုတုန်းက သဘောတူထားတဲ့ အချက်တွေထဲကတောင်မှ တချို့ပြန်ပြီးဆွေးနွေးပြီးတော့မှ ဖီဆန်ရမယ့် ကိစ္စတွေ ပြန်ပြီးတော့ပေါ်လာပါတယ်၊ တနည်းအားဖြင့်တော့ အောင်မြင်မှှုကတော့ အောင်မြင်သင့် သလောက်တော့ မအောင်မြင်သေးပါဘူး"

အရင် သဘောတူညီထားတဲ့အချက်တွေကို အသေးစိတ်ဆွေးနွေးတဲ့အခါမှာ ပိုပြီး အချိန်ယူဖို့လိုအပ် တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ဒီကနေ့ ဆွေးနွေးပွဲအပြီး ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

NCCT နဲ့ UPWC တို့ရဲ့ ၅ ရက်ကြာဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စတုတ္တမူကြမ်းကို အတည်ပြုနိုင်ခဲ့ပြီး လာမယ့် အောက်တိုဘာလအတွင်းမှာ ထပ်မံတွေ့ဆုံဆွေးနွေးသွားမယ်လို့ လည်း နှစ်ဘက်ခေါင်းဆောင်တွေရဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဆွေးနွေးပွဲ ၅ ရက်အတွင်း တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး ၄ ဦးတက်ရောက်ခဲ့သလို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ NCCT အဖွဲ့ဝင် တွေတက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။