လှေစီးဒုက္ခသည်တွေရဲ့ အသက်ကိုကယ်ဖို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


2015.05.22
antony-blinken-305 အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို မေလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ကပ္ပလီပင်လယ်ပြင်မှာ မျောပါနေတဲ့ လှေစီး ဒုက္ခသည်တွေရဲ့ အသက်တွေကို ကယ်တင်ကြဖို့  မြန်မာနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်စင်တာ (American Center) မှာ ဒီနေ့ ညနေပိုင်းက ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Blinken က အခုလို တိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ပင်လယ်ပြင်မှာ မျောနေကြတဲ့ လှေစီးဒုက္ခသည်တွေ ကို ဒေသတွင်နိုင်ငံအားလုံးက လူသားချင်း စာနာထောက်ထားပြီး ကယ်တင်ကြဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေကို ကူညီနိုင်ဖို့အတွက် အဆင်သင့်ရှိပါတယ်။ လှေစီး ဒုက္ခသည်တွေကို ကမ်းပေါ်ရောက်အောင် ကယ်ဆယ်ဖို့လိုအပ်သလို ကျမ်းမာရေး စောင့်ရှောက်မှုပေးဖို့ အပြင် မေတ္တာထားပြီး ကူညီကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်လို့" အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ဦးတည်ပြီး ပင်လယ်ပြင်မှာ မျောပါနေကြတဲ့ လှေစီးဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွေကဖြစ်ပြီး တဝက်နီးပါးလောက်ဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ Mr. Blinken က သူတို့လေ့လာတွေ့ရှိချက်ကို ကိုးကားပြီးပြောပါတယ်။

ဒါ့အပြင် လာမယ့် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံပေါင်း ၈ နိုင်ငံက ခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲကနေ ဒီလှေစီးဒုက္ခသည်အရေးကို ဒေသတွင်းနိုင်ငံတွေ ပူးပေါင်း ဖြေရှင်းရမယ့် အရေးကြီးပြဿနာအဖြစ်မှတ်ယူပြီး လက်တွဲဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က ထွက်ခွာနေတဲ့ လှေစီးဒုက္ခသည်တွေအရေး ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အမေရိကန်နိုင်ငံက ကူညီနိုင်မယ့်အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။