မြန်မာနိုင်ငံက လူမှုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာစေဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ Community Development and Civic Empowerment (CDCE) ရပ်ရွာဖွံ့ဖြိုးရေးနဲ့ နိုင်ငံသားများ ခွန်အားမြှင့်တင်ရေးသင်တန်းကို ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ စတင်ဖွင့်လှစ်ပါတယ်။
ဒီသင်တန်းကို မြန်မာနိုင်ငံက လူမှှုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့အစည်းတွေက အလယ်အလတ်အဆင့် မန်နေဂျာတွေပါဝင်တဲ့ မြန်မာနိုင်ငံသား ၃၅ ယောက် တက်ရောက်နေပြီး ချင်းမိုင်တက္ကသိုလ်မှာ သင်ကြားပို့ချရတဲ့ ရည်ရွယ်ချက်ကို ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအောင်သူငြိမ်းက အခုလို ပြောပါတယ်။
"အထူးသဖြင့်တော့ ကျနော်တို့ Community Development ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးပေါ့၊ နောက်တခါ Civic Empowerment ဆိုတာကတော့ ဒါ နို င်ငံသားတွေ ပိုပြီးတော့ ခွန်အားမြင့်လာရေးပေါ့ ဒီရည်ရွယ်ချက်ပါပဲ၊ ကျနော်တို့နိုင်ငံမှာ Civil Society လို့ခေါ်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအားကောင်းဖို့ လိုတယ်ပေါ့နော်၊ အဲဒီတော့တဖက်က ဒီအစိုးရကချည့်ပဲ မဟုတ်ဘူး၊ လူထုတွေကိုယ်တိုင်ကလည်း လုပ်ဖို့လိုမယ်ဆိုတော့ ဒီသဘောတရားကို ကျနော်တို့ပေးတာပါ"
ဒီသင်တန်းကို ချင်းမိုင်တက္ကသိုလ်က ပါမောက္ခဆရာ ဆရာမတွေက အဓိကသင်ကြားပို့ချသွားမှာဖြစ်တယ်လို့ ဦးအောင်သူငြိမ်းက ဆက်ပြောပါတယ်။
"သင်တန်းရဲ့ သုံးပုံတစ်ပုံက သီအိုရီသဘောတွေ သင်ပါတယ်၊ အဲ့ဒါက ဒီချင်းမိုင်တက္ကသိုလ်က ဆရာတွေက ဥပမာ နိုင်ငံတကာဖွံ့ဖြိုးရေး သီအိုရီတွေ၊ သူတို့ရဲ့သဘောတရားတွေ သင်တာပေါ့၊ နောက်သုံးပုံတစ်ပုံကတော့ ကျနော်တို့ skill လို့ခေါ်တဲ့ ကျွမ်းကျင်မှုပေါ့ဗျာ၊ အထူးသဖြင့် ပရောဂျက်တစ်ခုကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ နောက်တခါ accounting ငွေကြေးထိန်းသိမ်းမှုတို့ ဘာတို့ စသဖြင့် သဘောမျိုးတွေ သင်ပါတယ်၊ ကျန်တဲ့ သုံးပုံတစ်ပုံကြတော့ သူတို့ဘာသာသူတို့ သင်ယူလေ့လာကြပေါ့ဗျာ၊ အဲဒီမှာကျတော့ ဒီထိုင်းမှာရှိတဲ့ အဖွဲ့အစည်းတွေကို လိုက်ပြီးတော့ ပြတာတို့ ဟို Field Trip ထွက်တာတို့ဆိုတာတွေ ပါပါတယ်"
ဒီသင်တန်းမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းက လူငယ်အများစုအပါအဝင် တိုင်းရင်းသားဒေသ အသီးသီးမှာရှိတဲ့ ရပ်ရွာဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေကလည်း ပါဝင်တက်ရောက်နေကြပြီး သင်တန်းကာလ ၃ လ ကြာမြင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဗဟုဖွံ့ဖြိုးမှုအဖွဲ့ကို မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး နိုင်ငံရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ရည်ရွယ်ပြီး ၂ဝဝ၅ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။