အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပ

ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြည်သူ့ရင်ပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့် အထိမ်းအမှတ် ရန်ပုံငွေ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

2012.12.27
dassk-nld-fundfair305 ဒီဇင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားစဉ်။
Photo:RFA/Kyaw Zawe Win

မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တက်လာဖို့အတွက် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

သဘာဝသယံဇာတပေါများပြီး ဆင်းရဲနိမ့်ပါးနေတဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ပညာရေးဟာ အဓိကကျတယ်လို့ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီကနေ့ ပညာရေးကွန်ရက်ရဲ့ ၂နှစ်ပြည့်အထိမ်းအမှတ် ရန်ပုံငွေရှာဖွေပွဲမှာ  နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့်အထိမ်းအမှတ် ရန်ပုံငွေရှာဖွေတဲ့ ဈေးရောင်းပွဲတော်နဲ့ ဂီတပွဲတော်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဒါနကျောင်းတွေအတွက်  ရည်ရွယ်ကျင်းပတာဖြစ်ပြီး  ပွဲတော်ကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက် နဲ့ မနက်ဖြန် ၂၈ရက်နေ့ ထိ (၂)ရက်တိုင် ကျင်းပမှာဖြစ်ပါတယ်။
ဒီကနေ့ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယကဦးတင်ဦး၊ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း အစရှိတဲ့ပုဂ္ဂိုလ်တွေအပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ပညာရေးကွန်ရက်ကို ပေးအပ်လှူဒါန်းမယ့် အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံပေးခဲ့ပြီး ဒီကနေ့ ဖွင့်ပွဲအခမ်းအနားမှာပဲ ပေးအပ်တဲ့ အလှူငွေသား ကျပ်စုစုပေါင်း သိန်း ၇၀၀ ကျော် ရရှိခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။