တိုင်း/ပြည်နယ်အစိုးရ၊ လွှတ်တော်ခေါင်းဆောင်များစာရင်း ချိတ်ပိတ်ပေးအပ်


2016.02.04
dassk-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
Photo: RFA

လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်မယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတွေနဲ့ အစိုးရအဖွဲ့မှာ တာဝန်ပေးခံရသူစာရင်းကို နေပြည်တော်မှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာသင်တန်း တက်ရောက်ခဲ့ သူတွေထံ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာအိတ်နဲ့ ချိတ်ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီချိတ်ပိတ်စာကို လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ တိုင်းဒေသကြီး/ပြည်နယ်ပါတီရုံးခန်းတွေမှာ ကျန်တဲ့ကိုယ်စား လှယ်တွေကိုခေါ်ပြီး ဖွင့်ဖောက်အသိပေးရမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး ၂ရက်ကြာ သင်ကြားပေး ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသင်တန်းကို တိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုစီက ကိုယ်စားလှယ် အနည်းဆုံး ၃ဦးကနေ ၅ဦးအထိ တက်ရောက်ကြတာဖြစ်ပါတယ်။

သင်တန်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားအရာရှိတွေ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဥပဒေပညာရှင်တွေက သင်ကြားပေးတာဖြစ်ပါတယ်။

သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးနိုင်ငံလင်း၊ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်းက ဒေါက်တာမြင့်နိုင်၊ ရခိုင်ပြည်နယ်က ဦးညီပု၊ ချင်းပြည်နယ်က ဦးဇိုဘွဲ၊ မကွေးတိုင်းက ဒေါက်တာအောင်မိုးညို၊ ဦးနေမျိုးကျော်၊ ဦးတာ၊ ကယားပြည်နယ်က ဦးလှထွေး၊ ဦးတင်မြင့်၊ ဦးအယ်လ်ဖောင်းရှို စတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီထဲမှာ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ နဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ပေးခံရမယ့်သူတွေ ပါဝင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။