ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ ဦးညီပုကိုသာ ခန့်အပ်မယ်လို့ NLD ပြော

0:00 / 0:00

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးညီပုကိုသာ ခန့်အပ်မှာဖြစ်ပြီး အစိုးရအဖွဲ့မှာ ANP ပါတီဝင်တွေနဲ့ ပညာရှင်တွေလည်း ပါဝင်မယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

ANP ပါတီ ကိုယ်စားလှယ် ၂၂ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ ဒီနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန်က ပြောတာဖြစ် ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေနဲ့ ပူးတွဲပြီးတော့ ရခိုင်ပြည်နယ် တိုးတက်ရေးကို ဘယ်လို နည်းနဲ့ အနာဂတ်မှာ လုပ်မလဲဆိုတာကို သဘောတူလိုက်တာပေါ့၊ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးကြမယ် ၊ ပြဿနာပေါ်လာရင် ဆွေးနွေးပြီးတော့မှ ပြဿနာကိုအဖြေရှာမယ်၊ အထူးသဖြင့် ရခိုင်မှာ အခု ပြဿနာဖြစ်နေ တဲ့ ဘာသာရေးပြဿနာတွေ၊ စီပွားရေးပြဿနာတွေ၊ လူမှုရေးပြဿနာတွေအားလုံးကို နှစ်ဖက်ညှိပြီးတော့မှ အဖြေရှာဖို့ သဘောတူလိုက်တာပဲ၊ ပြည်နယ်အစိုးရနဲ့ဖွဲ့စည်းဖို့ကတော့ ကျနော်တို့လည်း ဖွဲ့စည်းပုံ အရလုပ်တဲ့အခါမှာ ဦးညီပုက ဝန်ကြီးချုပ်ဖြစ်မယ်ဆိုတာလည်း ပြောထားပြီးပြီ၊ နောက်လာမယ့် အစိုးရအဖွဲ့မှာ ANP ကလည်းပါမယ်၊ တခြားပညာရှင်တွေလည်းပါမယ်၊ NLD ပဲ မဟုတ်ဘူးဆိုတဲ့ အကြောင်းတော့ ရှင်းရှင်း လင်းလင်းပြောခဲ့ပြီးပါပြီ"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေးကိစ္စအတွက် ဆွေးနွေးတာ ပြေလည်မှုမရသေးပေမယ့် ထပ်မံတွေ့ဆုံဆွေးနွေး သွားဖို့ရှိကြောင်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"အဓိကတော့ ပြည်နယ်အစိုးရပြဿနာပဲ၊ ဆန္ဒတွေလည်း ဖော်ထုတ်တယ်၊ ANP ကလည်း ကြေညာချက် ထုတ်တယ်၊ အဲ့ဒီကြေညာချက်ကြောင့် အကွဲအပြဲတွေဖြစ်ကုန်တယ်၊ ကျနော်တို့ ပါတီအတွက်ရော NLD ရော၊ လာမယ့် အစိုးရအတွက်ရော ဒီကိစ္စဟာ တကယ်အရေးအကြောင်းပါ၊ အဓိက ပြည်နယ် အစိုးရဖွဲ့စည်းရေး၊ ပြဿနာဖြစ်နေတာက အဲ့ဒီကိစ္စပဲ၊ ပြည်နယ်အစိုးရဖွဲ့စည်းရေးကို ကျနော်တို့ဘက်က ညှိနှိုင်းဖို့တောင်းဆိုတယ်၊ အခုက သူကလက်ခံတယ်၊ ဘယ်နေ့တွေ့မယ်ဆိုတာပြောတယ်၊ နောက် အပတ်မှာ တွေ့မယ်ဆိုတာပြောတယ်၊ အဲ့ဒီမှာ အဖြေတစ်ခုရတယ်"

လာမယ့် သတင်းပတ်ထဲမှာ ထပ်မံတွေ့ဆုံဆွေးနွေးကြမယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

ANP ပါတီဟာ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၂ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁ဝ ဦး၊ ပြည်နယ်လွှတ်တော် မှာ ၂၂ ဦး စုစုပေါင်း ၄၄ ဦး အနိုင်ရရှိထားတာဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခွင့်ရှိဖို့ တောင်းဆိုထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။