မွန်တော်လှန်ရေးနေ့ စစ်ရေးပြနဲ့ ကျင်းပခွင့်မရ


2017.08.06
nmsp-622.jpg မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေတာကို တွေ့ရစဉ်
Photo: RFA

၇၀ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွေကို မွန်ပြည်သစ်ပါတီက NMSP က စစ်ရေးပြအခမ်း အနားတွေနဲ့ ကျင်းပဖို့ စီစဉ်ထားတာကို တပ်မတော် က သြဂုတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ စာတစ်စောင်ပေးပို့ပြီး တားမြစ်လိုက်တယ်လို့ မွန်ခေါင်းဆောင်တဦးက ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်မရေးထိုးရသေးတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်တာလို့ မွန်ပြည်သစ်ပါတီ ရဲ့ဗဟိုကော်မတီဝင် နိုင်အောင်မငေး ကပြောပါတယ်။

"နှစ်စဉ်နှစ်တိုင်း တော်လှန်ရေးနေ့က ကျနော်တို့နေရာမှာ ကျနော်တို့ စစ်ရေးပြအခမ်းအနားနဲ့ လုပ်တာပေါ့၊ အခုက ဒီနှစ်က အကြိမ် ၇၀ မြောက် တော်လှန်ရေးနေ့လေ ကျနော်တို့ တပ်တည်ခွင်ထဲမှာ အမှတ် ၅ တပ်ရင်းဒေသမှာပေါ့ ကျနော်တို့က စစ်ရေးပြအခမ်းအနားနဲ့လုပ်မှာ အခုတပ်မတော်က ကျနော်တို့ကို ဒီစစ်ရေးပြအခမ်းအနားနဲ့ လုပ်ခွင့်ပြုဖို့က သူတို့ကန့်ကွက်လိုက်တယ်။ ကကကြည်းက ညွန်ကြားချက်ပြီးတော့ တိုင်းကပို့တယ် ထင်တယ်၊ ပို့တဲ့စာက ၄ ရက်နေ့ တိုင်းစစ်ဌာနချုပ် ဆက်ဆံရေး နယ်လုံကတဆင့်ပေါ့။ ကျနေ်ာတို့ ဒီလုပ်ခွင့်မပြုဘူးဆိုပြီးတော့ပေါ့နော်။ သူတို့အကြောင်းပြချက်ကတော့ NCA မထိုးလို့ လုပ်တယ်လို့ ပြောကြတာပေါ့။ ကန့်ကွက်တဲ့အပြင် သူတို့က ၅ ရက်နေ့မှာပေါ့ စစ်ကြောင်းနဲ့ လာပြီး ကျနော်တို့ အဲဒီအခမ်းအနားထိ အင်အား ၃၀ လောက်လာပြီးတော့ လာပြီး ပိတ်ထားတာပေါ့။ ကျနော်တို့ကလည်း ဘယ်လိုပဲဖြစ်ဖြစ် ဒါက ပြည်သူလူထုကို ကြေညာထားပြီးပြီ အကြောင်းကြားထားပြီးပြီဆိုတော့ အစီအစဉ်က ဆက်တိုက်ပြီးသွားမှာပေါ့"

မွန်ပြည်သစ်ပါတီ NMSP အဖွဲ့အနေနဲ့ မွန်အမျိုးသားနေ့နဲ့ မွန်တော်လှန်ရေးနေ့တွေ ရောက်တိုင်း NMSP ဗဟိုဌာန ချုပ်အပါအဝင် မြိတ်ခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်နဲ့ သထုံခရိုင်တွေမှာ နှစ်စဉ် စစ်ရေးပြအခမ်းအနားတွေ နဲ့ ကျင်းပတာဖြစ်တယ်လို့လည်း နိုင်အောင်မငေး က ပြောဆိုပါတယ်။

မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီး နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံခဲ့တာကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလကစလို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ပြည်တောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးရေးထားတဲ့ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ NCA စာချုပ်ကိုတော့ လက်မှတ်ရေးထိုးထားခြင်း မရှိသေး ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။