မြောက်ပိုင်းအဖွဲ့နဲ့ တွေ့ဆုံဖို့ ငြိမ်းချမ်းရေးကော်မရှင် ကမ်းလှမ်း

2017-06-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဒုဥက္ကဋ္ဌ တာဂျုတ်ဂျား ကို တွေ့ရစဉ်
PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဒုဥက္ကဋ္ဌ တာဂျုတ်ဂျား ကို တွေ့ရစဉ်
Photo: RFA

အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် ဆက်သွယ်လာပေမယ့် ဘယ်လိုပုံစံနဲ့ တွေ့မယ်ဆိုတာ မသိရသေးဘူးလို့  မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ဒုတိယဥက္ကဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျား က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဘက်ကတော့ နိုင်ငံရေးဆွေးနွေးဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့သာ တွေ့ဆုံသွားမယ်လို့ တအာင်းပလောင်အဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျား က ပြောပါတယ်။

"ဒီတရုတ်ကနေတဆင့်တော့ ပြောတာရှိတယ်။ ဒါတွေ့မယ်လို့တော့ ပြောတာရှိတယ် ဒါပေမဲ့ ဘယ်အချိန် ဘယ်အခါမှာတွေ့မယ်လို့တော့ မကြားရသေးဘူး ခင်ဗျ။ တွေ့မယ်လို့ပဲ ပြောတာလေ၊ ဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေ ရှိလဲတော့ ဘာမှမကြားဘူး၊ ကျနော်တို့ကတော့ အဲဒီကော်မရှင်အဖွဲ့ကို ကော်မတီနဲ့ပဲ တွေ့မှာပါ၊ ဒီတဖွဲ့ချင်းနဲ့ တွေ့ဖို့တော့ မဖြစ်ဘူးထင်တယ်"

ဒါ့အပြင် ပြီးခဲ့တဲ့ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့က တင်ပြထားတဲ့ ပန်ခမ်း သဘောတူညီချက် စာတမ်းအပေါ်မှာ အခြေခံဆွေးနွေးသွားမယ်လို့ ဗိုလ်မှူးချုပ် တာဂျုတ်ဂျား က ပြောပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်က NCA အပစ်ရပ်စာချုပ် အတိုင်းသာ ပြင်ဆင်ချက်တွေမလုပ်ဘဲ ဆွေးနွေးမယ် လို့ ပြောထားတာကြောင့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ အားလုံးနဲ့ တွေ့ဆုံဖို့ ဖြစ်လာနိုင်မလားဆိုတာ သေချာ မသိသေးဘူးလို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

TNLA အဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျား ကတော့ မြောက်ပိုင်းဟာမိတ်အဖွဲ့က တင်ပြထားတဲ့ စာတမ်းနဲ့ NCA အပစ်ရပ်စာချုပ်မှာ တူညီချက်တွေ အများကြီးရှိတဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခဏပြုလုပ်ပြီး ညှိနှိုင်းရင် အဖြေထွက်နိုင်တယ်လို့ ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ် တနိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ တပ်မတော်ရဲ့ ထိုးစစ်ဆင်မူတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖို့ရှိနိုင်တယ်လို့ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ပြောပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့