၆၆ ဃ ပြင်ဖို့ အတိုင်ပင်ခံကို သတင်းသမားတွေ စာပေးပို့တောင်း ဆို
2017.06.15
ဆက်သွယ်ရေးဥပဒေထဲက ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်ပေးဖို့နဲ့ သတင်းမီဒီယာဆိုင်ရာ အငြင်းပွားမှုတွေကို သတင်း မီဒီယာဥပဒေနဲ့သာ အရေးယူဖို့ နေပြည်တော်အခြေစိုက် သတင်းသမား ၄၆ ဦးက နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို စာရေးသား ပေးပို့လိုက် ပါတယ်။
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအချို့မှာ ပုဒ်မ ၆၆ ဃ ပြင်ဆင်ပေးဖို့ ဆန္ဒဖော်ထုတ်နေချိန်မှာ နေပြည်တော်က သတင်းသမားတွေက အခုလိုစတင်ဆောင်ရွက်တာပါ။
ဧရာဝတီသတင်းဌာန၊ နေပြည်တော်အခြေစိုက် အကြီးတန်းသတင်းထောက် ဦးထက်နိုင်ဇော်က သတင်းမီဒီယာ သမားတွေကို သတင်းမီဒီယာဥပဒေနဲ့ သာအရေးယူဖို့ တိုက်တွန်းတယ်လို့ အခုလိုပြောပါတယ်။
"ကျနော်တို့ သတင်းမီဒီယာတွေ ရေးသားတဲ့အခါမှာ မှားတာရှိရင် ကျနော်တို့ကိုထောက်ပြပြီးတော့ သတင်းမီဒီယာဥပဒေနဲ့ အရေးယူဖို့ ကျနော်တို့ တိုက်တွန်းပါတယ်"
အဲဒီစာကို နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် ပြည်သူ့လွှတ်တော်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေး၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စ များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဌ တို့ထံကိုပါ ပေးပို့ခဲ့တာပါ။
ပေးပို့ပြီး ဘယ်လိုရလဒ်ဖြစ်မယ်ဆိုတာကို စောင့်ကြည့်သွားမှာဖြစ်သလို နောက်ထပ်လှုပ်ရှားမှုတွေပြုလုပ်ဖို့လည်း နေပြည်တော်သတင်းသမားတွေ ဆွေးနွေးတိုင်ပင်သွားမယ်လို့ သိရပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းထိန် ကလည်း အဲဒီပုဒ်မ ၆၆ ဃ ပြင်ဆင်ဖို့ လွှတ်တော်ကို ပေးပို့ထားပြီးဖြစ်တယ်လို့ ပြောထားပါတယ်။
မကြာသေးခင်က အင်န်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်(ခေါ်) စာရေးဆရာ ဝင်းထွဋ်ဇော်က အဲဒီပုဒ်မ ပြင်ဆင်ဖို့ လွှတ်တော်မှာ မေးခွန်းမေးမယ့်ကိစ္စကို ပါတီက နှစ်ကြိမ်မြောက်ဆိုင်းငံ့ထား ပါတယ်။