အုပ်စုဖွဲ့ရိုက်နှက်မှုတွေ ပေါများလို့ ပခုက္ကူမြို့မှာ အရေးပေါ်မိန့် ထုတ်ပြန်


2016.04.24
pakokku-620.jpg ပခုက္ကုမြို့တည်နေရာပြမြေပုံ
Photo: Google Map

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ အုပ်စုဖွဲ့ရိုက်နှက်မှုတွေ မကြာခဏဖြစ်ပွားနေတာကြောင့် အုပ်စုဖွဲ့ပြီး တုတ်၊ ဓါး၊ လက်နက်တွေ ကိုင်ဆောင်သွားလာခြင်းမလုပ်ဖို့ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဧပြီလ ၂၃ ရက်နေ့ မနေ့က ရက်စွဲနဲ့ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အုပ်စုဖွဲ့ရမ်းကားသူတွေဟာ ဥပဒေအရ ဖမ်းဆီးခံရတဲ့အခါ အာမခံရယူဆောင်ရွက်နိုင်တာတွေ ရှိနေတာကြောင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ပြောပါတယ်။

"တရားဥပဒေကြောင်းအရ အာမခံပေးပြီး ပြန်လွတ်လာတယ်ပေါ့၊ ဒီလောက်အုပ်စုဖွဲ့ရမ်းကားပြီး ပြန် လွတ်လာတယ်ဆိုတော့ ပြည်သူတွေက လက်မခံနိုင်ဘူးပေါ့နော်၊ အဲ့ဒီတော့ ထိထိရောက်ရောက် အရေး ယူပေးဖို့ ပြည်သူတွေကလည်းပြောကြတယ်၊ ဒါပေမဲ့ တရားဥပဒေထဲမှာလည်း အာမခံပေးလို့ရတဲ့ ကိစ္စပေါ့၊ အဲ့ဒီတော့ ဒီလိုအုပ်စုဖွဲ့ရမ်းကားလာမယ်ဆိုရင် ထိရောက်စွာပေါ့နော် ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီးတော့ တမြို့နယ်လုံးအုပ်ချုပ်ရေးမှူးတွေကနေ တဆင့်ဖြန့်သွားတာပေါ့"

အဲ့ဒီ အရေးပေါ်ကြေညာချက်ကို ပခုက္ကူမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဥပဒေ ပညာရှင်တွေ၊ မြို့နယ်နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စုဖွဲ့ရမ်းကားနေသူတွေရဲ့ အမည်စာရင်းတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရင်းပြုစုထားချက်အရ လူငယ်တွေများပြီး မူးယစ်ဆေးဝါးသုံးစွဲတွေလို့ ယူဆနိုင်တယ်လို့ ပြောပါတယ်။

အရေးပေါ်ကြေညာချက်မှာ အရက်သေစာ၊ မူးယစ်ဆေးဝါးသောက်စားပြီး အော်ဟစ်ဆဲဆိုတာ၊ ကြိမ်းမောင်းပြော ဆိုတာ၊ တုတ်၊ဓါး၊ လက်နက်ကိုင်ဆောင်ပြီး အများပြည်သူကို နှောက်ယှက်တာတွေ မပြုလုပ်ဖို့နဲ့ ကြေညာချက်ကို မလိုက်နာရင် ဒေသန္တရအမိန့်ခံဝန်အပြင် ခြေချုပ်ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။