သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲက ကျပ်သန်း ၄၀၀ ကို ပြန်စိစစ်ဖို့ လွှတ်တော်နာယက ညွှန်ကြား


2016.12.15
mahnwinkhaingthan-620.JPG ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း ကို တွေ့ရစဉ်
.

နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ သုံးစွဲထားတဲ့ ကျပ်သန်း တသောင်းခြောက်ကျော်ထဲက ရှမ်းပြည်နယ် အစိုးရက သုံးစွဲထားတဲ့ ကျပ်သန်း ၄၀၀ ကျော်ကို ပြန်လည်စိစစ်ဖို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ညွန်ကြားလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆောက်လုပ်ရေး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့က သုံးစွဲထားတဲ့ နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကို သက်ဆိုင်ရာဌာနတွေက တင်ပြရာမှာ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ရှမ်းပြည်နယ်အစိုးရအဖွဲ့ သုံးစွဲငွေ ကျပ်သန်း လေးရာကို ပြန်လည်စိစစ်တင်ပြဖို့ ပြောတာဖြစ်ပါတယ်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲကနေ ဆောက်လုပ်ရေးဝန်ကြီးဌာနက သန်း ၆၆၀၀ ကျော်၊  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ၆၆၂ သန်း၊ မန္တလေးတိုင်းသန်း ၉၂၀၀ နဲ့ ရှမ်းပြည်နယ် အင်းလေးကန် သောင်တူး စက်ဖိုးပေးချေဖို့ ကျန်ရှိတဲ့ သန်း ၄၀၀ ကို တောင်းခံထားတာ ဖြစ်ပါတယ်။

၂၀၁၆ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေအရ ကြိုတင်မမျှော် မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်၊ ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲရန် မဖြစ်တဲ့ အထူးကိစ္စရပ်ဖြစ်တာ၊ တည်ဆဲဥပဒေတွေ နည်းဥပဒေများ စည်းမျဉ်းများ စည်းကမ်းများအရ ခေါင်းစဉ်လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ်လွှဲပြောင်းကျခံရန်အတွက် ရန်ပုံငွေမရှိခြင်းတို့ကြောင့်သာ သီးသန့်ရန်ပုံငွေက သုံးစွဲရတာပါ။

ဒါ့အပြင် သီးသန့်ရန်ပုံငွေက ကျခံသုံးစွဲတာကို သြဂုတ်လ ၃၁ ရက်နောက်ပိုင်းသာ သုံးစွဲရမှာဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့  အတည်ပြုချက်နဲ့သာ သုံးစွဲရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။