ဖားကန့်ကို လွှတ်တော်ကော်မတီ ကွင်းဆင်းလေ့လာ


2018.01.03
pharkant-environment-622.jpg ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
Photo: Aung Myint Thu's facebook

မကြာခင်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ကျောက်မျက်ရတနာဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် မြေပြင်အခြေအနေတွေကို သိနိုင်ဖို့ ပြည်သူ့လွှတ်တော် သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေကို ဒီကနေ့ ကွင်းဆင်းလေ့လာခဲ့ပါတယ်။

အဲဒီကွင်းဆင်းမှုမှာ လိုက်ပါခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ၂၀၁၇ ကျောက် မျက်ရတနာဥပဒေမှာ ပြင်ဆင်ထည့်သွင်းသင့်တဲ့အချက်တွေကို သိရှိဖို့ လာရောက်တာဖြစ်တယ်လို့ ပြောပါတယ်။

"အဓိကလာတာကတော့ အခုလာမယ့် ပုံမှန်အစည်းအဝေးကျလို့ရှိရင် ၂၀၁၇ ကျောက်မျက်ရတနာဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ကိစ္စလေးတွေ၊ ဒါကို လက်တွေ့မြေပြင်မှာဖြစ်နေတဲ့ အနေအထားလေးတွေရယ်၊ နောက် ပြည်သူ့အသံကိုကြားနာဖို့ပေါ့နော်။ ဒီအခုတော့ လုပ်ကွက်တွေသွားကြည့်မယ်ဗျာ။ လက်ရှိလုပ်နေတဲ့ အနေ အထား။ ဒါပေမဲ့ ရာသီဥတုက မိုးရွာနေတယ်။ အဲဒီတော့ လုပ်ငန်းခွင်က လုံးဝ မလုပ်နိုင်တဲ့အနေအထား ဖြစ်နေတယ်။ မိုးက တော်တော်သည်းသည်းမည်းမည်းရွာထားတော့ ချောနေတယ်။ အဲဒီတော့လုပ်ကွက်ကို ကြည့်တယ်ဆိုရုံပဲ ကျနော်တို့ကြည့်လို့ရမယ်။ နေရာနှံ့အောင်လည်း ကျနော်တို့ မသွားနိုင်ဘူး။ အဓိကအရေးပါတဲ့ သယံဇာတကော်မတီရော၊ ဥပဒေကြမ်းကော်မတီရောပါတယ်ဆိုတော့ မနက်ဖြန်ကျရင် ပြည်သူ့အသံကို ကြားနာမယ်။ ဘယ်လိုဆက်လက်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုတာ သူတို့တာဝန်ရှိတဲ့အခါကျတော့ သူတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်"

ဒီနေ့မှာ ဖားကန့်ဒေသက လက်လှမ်းမီတဲ့ ကျောက်စိမ်းလုပ်ကွက်တွေကို သွားရောက်ကွင်းဆင်းလေ့လာနေပြီး မနက်ဖြန်မှာ ကျောက်စိမ်းလောကသားတွေ၊ မြို့မိမြိုဖတွေ၊ ဋ္ဌာနဆိုင်ရာတွေအပါအဝင် ဒေသခံလူထုနဲ့ တွေ့ဆုံကာ ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေတွေကို ကြားနာမှုတွေပြုလုပ်မှာဖြစ်ပါတယ်။

ဖားကန့်ခရီးစဉ်မှာ ပြည်သူ့လွှတ်တော် သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ ဖားကန့်နဲ့ မိုးကောင်းမြို့နယ်တွေက ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦး ပါဝင်ပါတယ်။

ကျောက်မျက်ဥပဒေကို ၁၉၉၅ ၊ ၂၀၀၃ နဲ့ ၂၀၁၆ ခုနုစ်တွေမှာ ပြင်ဆင်ခဲ့ပြီး အခုတစ်ကြိမ် ပြည်ထောင်စုလွှတ်တော် မှာ ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။