ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ မတွေ့ဖြစ်


2016.12.31

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပေမယ့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဘက်က မလာတဲ့အတွက် တွေ့ဆုံပွဲပျက်သွားတာလို့  ပြည်ထောင်စုငြိမ်း ချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

"ပထမဆုံးတော့ သူတို့ ကျနော်တို့နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်။ နောက်ပိုင်း သူတို့ဘက်က မလာဘူးတဲ့။ အဲဒီတော့ သူတို့ဘက်ကမလာတော့ ကျနော်တို့နဲ့ မတွေ့ဖြစ်ဘူး။ ကျွန်တော်တို့ဘက်ကတော့ တွေ့ဖို့က အဆင့်သင့်ရှိတယ်။ အမြဲတမ်း တစ်ဖွဲ့ချင်းတွေ့ရင် တစ်ဖွဲ့ချင်းစီရဲ့ သဘောထားတွေသိရမယ်။ မတွေ့တော့ လည်း အချို့ဟာတွေ အဖြေထုတ်ရခက်တာပေါ့"

ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံပွဲကို ဒီဇင်ဘာလ ကုန်ပိုင်းမှာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ပန်ဆန်းမြို့မှာ တွေ့ဆုံမှာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကေ်ာမရှင်ဖက်က ကြိုတင် အကြောင်းကြားထားခြင်း မရှိဘူးလို့ တပ်ပေါင်းစု ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။

"မူလက ကျနော်တို့ကိုပြောတယ်၊ ကျနော်တို့လည်း တွေ့ဆုံဖို့လက်ခံတယ်၊ ဒါပေမဲ့ ဒီကြားမှာပေါ့ "ဝ" အဖွဲ့ကို အစည်းအဝေးမှာ တက်ပြီးနားထောင်ပေးဖို့ ကျနော်တို့က အဆိုပြုထားတယ်၊ အဲဒီမှာ သူတို့က ပြန်ပြီး တင်ပြမယ်လို့ပြောတယ်၊ ဘာမှအကြောင်းမပြန်သေးဘူး၊ ဘယ်နေ့ဆိုတာလည်း မသိရသေးဘူး၊ သူတို့က ဘာမှပြန်ပြီးပြောကြတာလည်း မရှိဘူး၊ အဲဒါကြောင့်မို့လို့ တွေ့ဆုံပွဲက မဖြစ်သေးဘူး"

မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုနဲ့ တပ်မတော်ကြားမှာ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပြီး ဒီနေ့ဆိုရင် ကွတ်ခိုင်- မူဆယ်လမ်းမနဲ့ နမ္မတူ-မန်တုံမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဟာ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် တပ်ဖွဲ့တွေ ပူးပေါင်းထား တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့ပေမယ့် UWSA နဲ့ မိုင်းလားအထူးဒေသ (၄) တို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ UWSA တပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာပေးဖို့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။

ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး ပန်ဆန်းမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။