ယုံကြည်သော အနာဂတ်ငြိမ်းချမ်းရေး ပွဲတော်


2015.12.01
peace-620.JPG ဒီဇင်ဘာလ ၄ ရက်နေ့ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာကျင်းပမယ့် ယုံကြည်သောအနာဂတ် ငြိမ်းချမ်းရေးပွဲတော်အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်း၊ ပန်းရဲ့လမ်းနဲ့ တကသကျောင်းသားတွေ နှိုးဆော်ကြစဉ်
Photo: Kyaw Lwin Oo/RFA

စစ်ပွဲတွေကြောင့် ဒုက္ခရောက်ကြရတဲ့ ကလေးငယ်တွေကို စိတ်ဓါတ်ရေးအရ အားပေးနိုင်မယ့် "ယုံကြည်သောအနာဂတ် ငြိမ်းချမ်းရေး" ပွဲတော်ကို လာရောက်ကြပြီး စစ်ပွဲဒေသတွေက ကလေးငယ်တွေကို အားပေးကြဖို့ လှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန်မြို့မှာ စတင်လိုက်ပါတယ်။

ငြိမ်းချမ်းတဲ့ဒေသက လူတွေရဲ့စာနာမှုတွေကို စစ်ဘေးသင့်ဒေသက လူတွေဆီယူသွားဖို့အတွက် ဒီပွဲတော်ကို လာရောက်ဖို့ နှိုးဆော်ပွဲလုပ်တာလို့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က ပြောပါတယ်။

“လူကြီးတွေ အယောက်တစ်ရာလောက် တရားဟောတာထက် ကလေးတစ်ယောက်လောက်ရဲ့ ငိုသံက ကျနော်တို့ရင်ကို ပိုပြီးတော့ထိခိုက်တယ်၊ ငြိမ်းချမ်းရေးကိုလည်း ရနိုင်မယ်လို့ ကျနော်နားလည်တယ်၊ ငြိမ်းချမ်းတဲ့နေရာကလူတွေက ခံစားချက်အပြည့်ရှိတယ်၊ ပြည်ထောင်စုက ခန္ဓာကိုယ်တစ်ခုပဲ၊ ဘယ်နေရာ ထိထိ နှလုံးသားကနာတယ်ဗျ၊ အဲဒါကြောင့် သူတို့အတွက် နိုင်သလောက်လုပ်တဲ့အခါ ကျနော်တို့ ကလေးတွေ လူငယ်တွေနဲ့လုပ်မယ်၊ ဒီကလူငယ်တွေရဲ့ ချစ်ခင်မှု စာနာထောက်ထားမှုတွေကို ဟိုကိုပို့မယ်၊ ကျနော်တို့ပြောချင်တာက ပြည်ထောင်စုဘယ်နေရာမှာပဲဖြစ်ဖြစ် မငြိမ်းချမ်းရင် ပြည်ထောင်စုတစ်ခုလုံးက မခံစားနိုင်ဘူး၊ အဲဒီအတွက် ငြိမ်းချမ်းရေးရအောင် ကျနော်တို့နိုင်တဲ့အစွမ်းနဲ့ ကြိုးစားမယ်ဆိုတာကို ကျနော်တို့ပြရမှာပေ့ါ”

လာမယ့် ဒီဇင်ဘာလ ၄ ရက်သောကြာနေ့မှာ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ယုံကြည်သောအနာဂတ်ငြိမ်းချမ်းရေး ပွဲတော်ကို ကျင်းပမှာဖြစ်ပြီး လူငယ်တွေနဲ့ ကလေးတွေလာရောက်ကြဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့ အစည်း၊ ပန်းရဲ့လမ်းနဲ့ တကသကျောင်းသားတွေက ရန်ကုန်မြိုလယ်မှာ သီချင်းတွေသီဆိုပြီး နှိုးဆော်ခဲ့ကြ တာဖြစ်ပါတယ်။

စစ်ဘေးသင့်ဒေသက ကလေးတွေအတွက် အရုပ်တွေ၊ ကာတွန်းစာအုပ်တွေ ယူလာကြဖို့ကိုလည်း ဒီကနေ့ ကျောက်တံတာမြိုနယ် ၃၄လမ်း နဲ့ သင်္ကန်းမြိုနယ်မှာ တေးသီချင်းတွေ သီဆိုပြီး နှိုးဆော်နေတာဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း sspp/ssa နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကြောင့် မိုင်းရှုး၊ ကျေးသီးနဲ့ မိုင်းနောင် မြို့နယ်တွေမှာ စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်လောက်ရှိပြီး ကလေးငယ်တွေလည်း မိဘတွေနဲ့အတူ စစ်ဘေးလွတ်ရာကို တိမ်းရှောင် နေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။