လူထုချင်းဆက်ဆံရေး တိုးမြှင့်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

နှစ်လေးဆယ်ကျော်ကြာအပြီး အိန္ဒိယနိုင်ငံ ကို ရောက်ရှိသွာတဲ့ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က People to People လူထုချင်းဆက်ဆံရေးကို တိုးမြှင့် လုပ်ကိုင်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။

2012.11.14
assk-india-305 နိုဝင်ဘာလ ၁၃ ရက်နေ့က နယူးဒေလီမြို့ အင်ဒီရာဂန္ဒီလေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရပုံ
Photo: AFP

ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ ခရီးစဉ်ပထမရက်မှာ ခေတ္တ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ အိန္ဒိယ Times Now သတင်းဌာနကို “လူထုအချင်းချင်းဆက်ဆံရေးက အစိုးရချင်းဆက်ဆံရေးထက် ပိုပြီး အရေးကြီးတယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ကျမအနေနဲ့ အိန္ဒိနဲ့ မြန်မာပြည်သူ အချင်းချင်း ပိုပြီး နီးကပ်နွေးထွေးတဲ့ ဆက်ဆံရေးဖြစ်လာဖို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

အခုလို ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလိုက်တာဟာ မြန်မာ့အရေးထောက်ခံသူ အိန္ဒိယလူမှုအဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့ ထပ်တူထပ်မျှ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ရဲဘော်ကျော်သန်းက ပြောပါတယ်။

"၉၃၊ ၉၄ မှာ သူတို့ စာချွန်တော်တွေ လက်မှတ်ထိုး၊ ပူးပေါင်းဆောင်ရွက်ရေးတွေ လုပ်မယ်ဆိုပြီး ဖြစ်သွားတယ်။ ဒါ working relationship ပေါ့။ အဲဒီအချိန်တုန်းက အိန္ဒိယက NGO တွေပေါ့လေ။ ဒီ Civil Society တွေက စုပေါင်းပြီးတော့ ဆွေးနွေးကြတယ်အခါကျတော့ အိန္ဒိယအစိုးရရဲ့ ဒီလိုဟာမျိုးပေါ်မှာ ကျနော်တို့စိတ်မကောင်းဘူး၊ သဘောမတူဘူးပေါ့။ ဒါပေမဲ့ ဒါဆက်ဆံရေးနဲ့ပတ်သက်လို့ လုပ်ပါ။ သို့သော်လည်းပဲ တကယ်တမ်း ဦးစားပေးသင့်တာကတော့ People to People ပေါ့။ လူထုချင်း ဆက်ဆံရေးကို ပိုပြီးတော့ အလေးပေးဆောင်ရွက်သင့်တယ်။ အဲဒီတော့ အခု ဒေါ်အောင်ဆန်းစုကြည် ပြောတာက လွန်ခဲ့တဲ့ ၉၅ တုန်းက ကျနော်တို့ အိန္ဒိယက ပြည်သူတွေပေါ့။ ကျနော်တို့ကို အားပေးထောက်ခံခဲ့တဲ့လူတွေ ပြောတဲ့ စကားကို သူလိုက်ပြောတဲ့ သဘောပါပဲ။ ဒါက လက်တွေ့လည်း ကျတယ်လို့ ကျနော် မြင်တယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်ဟာ အိန္ဒိယအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လုပ်ဆောင်နေသူတွေအတွက် သိသာတဲ့ပြောင်းလဲမှု မရှိနိုင်ပေမယ့် ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ အားအင်တခုဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

"ကျနော့်အမြင် ပွင့်ပွင့်လင်းလင်းပြောရရင် အများကြီးတော့ ကျနော်တို့ မျှော်လင့်လို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်လာခြင်းအားဖြင့် သေချာတာကတော့ ဒီမှာ ဒုက္ခရောက်နေတဲ့သူတွေအပေါ်မှာ အင်မတန်မှ ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားကို တက်စေတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် လာလိုက်တဲ့အတွက် အရင်တုန်းက နိုင်ငံရေးဆိုတာ ထဲထဲဝင်ဝင် မရှိတဲ့သူတွေကလည်း နိုင်ငံရေးအသိစိတ်ကို ရလာစေတယ်ဆိုတဲ့ အကျိုးအမြတ်ကတော့ သေချာပေါက်ရမှာ ဖြစ်ပါတယ်"


ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီနဲ့ ဂျဝါဟာလနေရူး အုတ်ဂူတွေမှာ သွားရောက် ဂါရဝပြုခဲ့ပြီး နိုင်ငံခြားရေးအတွင်းဝန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံခဲ့ပြီး ညပိုင်းမှာတော့ ခရီးစဉ်ရဲ့အဓိကဖြစ်တဲ့ နယူးဒေလီမြို့ Plenary Hall မှာပြုလုပ်မယ့် ဂျဝါဟာလနေရူး အထိမ်းအမှတ် ဟောပြောပွဲမှာ တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။