ဘတ်စ်ကားလိုင်းတွေ အဆင်ပြေဖို့ တစ်ပတ်လောက် အချိန်ယူရမည်


2017.01.16
phyominthein-press-ybs-620.jpg ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရုံးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
Photo: Kyaw Zaw Win/ RFA

ဘတ်စ်ကားလိုင်းအသစ်တွေအားလုံး အဆင်ပြေဖို့အတွက် တစ်ပတ်လောက် အချိန်ယူရမှာဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။

"မနက်ကျတော့မှ စတေကာကပ်ပြီးထွက်တော့ ကျနော်တို့သတ်မှတ်ထားတဲ့အချိန်နဲ့ တပြေးညီမထွက်နိုင်ဘူး၊ စတေကာကပ်တာက နာရီဝက်လောက်ကြာနေတယ်၊ အဲလိုတွေဖြစ်နေတော့ ဒီနေ့မနက်မှာ ကျနော်တို့ ကသောင်းကနင်းဖြစ်တယ်၊ စီးတဲ့ပြည်သူလူထုကလည်း ပိုက်ဆံပိုပေးရရင် ပိုပေးရပါစေ၊ သွားချင်တဲ့ခရီးကိုပဲ တိုက်ရိုက်ရောက်ချင်တယ်၊ အခုကပုံစံတွေပြောင်းကုန်တော့ ဘယ်ကားကိုစီးရမယ် ဆိုတာမသေချာ ဘူးဖြစ်နေတယ်၊ အခုဖြစ်နေတဲ့အနေအထားက ဒီပုံပါပဲ၊ အခုဝိုင်းဝန်းကူညီမှုနဲ့ အဆင်တော့ပြေနေတယ်၊ ဒီပုံကတစ်ပတ်လောက်တော့ ဖြစ်နေမှာပါ၊ အသစ်တွေကို လက်ခံနိုင်ရင်ပေါ့ဗျာ"

ဘတ်စ်ကားလိုင်းအသစ်တွေ ဒီကနေ့ စတင်ပြေးဆွဲရာမှာ ကားအရေအတွက်နည်းတဲ့အတွက် ရုံးချိန်အသွားအလာ များတဲ့အချိန်မှာ ခရီးသည်တွေ အခက်အခဲဖြစ်ကြရပါတယ်။ ခရီးသည်တွေ သွားလာရ အဆင်ပြေအောင် ဘတ်စ်ကားမှတ်တိုင်တွေမှာ တာဝန်ယူပေးဖို့အတွက် စေတနာ့ဝန်ထမ်း ၅၀၀၀ ကျော်က ကူညီပေးနေပါတယ်။

အရင်ကရှိခဲ့တဲ့ မထသအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် အဲဒီမှာ တာဝန်ယူကြတဲ့ဝန်ထမ်းတွေက အလုပ်ပြုတ်မှာကို စိုးရိမ်နေကြတဲ့အပေါ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က သူတို့အားလုံးကို အစိုးရဝန်ထမ်းအဖြစ် ဆက်လက်ခန့်အပ်သွားမှာဖြစ်ပြီး အစိုးရကတာဝန်ပေးတဲ့နေရာမှာ ဆက်လက် တာဝန်ထမ်းဆောင်ကြရ မှာ ဖြစ်တယ်လို့ ပြောပါတယ်။ မထသ ဝန်ထမ်း အရေအတွက်က ၇၀၀ ကျော်လောက်ရှိပါတယ်။

ဒါ့အပြင် ဘတ်စ်ကားပိုင်ရှင်တွေဟာ အသစ်ပြောင်းလိုက်တဲ့ အများပိုင်စနစ်ကို နားလည်သဘောပေါက်မှု အားနည်းနေပြီး တစ်စီးချင်း နေ့စဉ်ရတဲ့ ငွေကိုသာ ထုတ်ယူလိုကြတယ်လို့ ပြောပါတယ်။ အစိုးရက အခုပြောင်း လိုက်တဲ့စနစ်ဟာ ကားမောင်းသမားတွေကလည်း လစာနဲ့သာ တာဝန်ထမ်းကြရမှာဖြစ်ပြီး ပိုင်ရှင်တွေအနေနဲ့ ကလည်း သူတို့ကားတွေကို လိုင်းကောင်းတဲ့နေရာတွေမှာပဲ ထည့်ချင်ကြတယ်လို့ ပြောပါတယ်။ လက်ရှိစနစ် အသစ်အရ ဘယ်လိုင်းမှာပဲ ပြေးပြေး မိမိတို့ထည့်ဝင်ထားတဲ့ ကားအရေအတွက်အပေါ် မူတည်ပြီး ဝင်ငွေ အကျိုးအမြတ်ကို တန်းတူရကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။