ကျူးကျော်တွေ နေရာချပေးမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား
2016.05.25
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဒီကနေ့ မေလ ၂၅ ရက်နေ့ ကစတင်ပြီး နောက်ထပ် ကျူးကျော်တွေရှိလာရင် တည်ဆဲဥပဒေအရ အရေးယူသွားမှာ ဖြစ်သလို စီးပွားရေးလုပ်ပြီး မြေနေရာဦးထားသူတွေကိုလည်း ဥပဒေအရ အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုင်းဒေသကြီး အစိုးရရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော လိုက်တာဖြစ်ပါတယ်။
"ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ၊ ကျနော်တို့ ဒီနေ့ဆွေးနွေးပွဲနဲ့အတူ ကျူးကျော်ဆောင်ရွက်နေမှုအားလုံးကို ဒီနေ့ အပြီးအပြတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်၊ ဒီရက်ရဲ့ရှေ့မှာ ထပ်ပေါ်ထွန်းလာမယ့် လူအားလုံးကိုလည်း တည်ဆဲ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပါမယ်၊ ကျူးကျော်တယ်ဆိုတဲ့နေရာမှာလည်း ကျူးကျော်နေထိုင်သူ နေရာ ကိုသာဆိုလိုပြီး မြေအတွက် အတင်းလာမြေလုတဲ့ကိစ္စကို ကျူးကျော်လို့ သတ်မှတ်မှာမဟုတ်ပါဘူး၊ ဒါတွေကို လည်း တည်ဆဲဥပဒေအရ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊"
လက်ရှိကျုးကျော်နေထိုင်သူတွေကို စာရင်းကောက်ယူပြီး အမှန်တကယ် နေစရာမရှိလို့ ကျုးကျော်ဖြစ်ရသူတွေ ကို နေရာချထားပေးဖို့ အစိုးရက ဆောင်ရွက်ပေးမှာဖြစ် ပါတယ်။ အစိုးရက နေရာချထားပေးတဲ့အခါမှာ နေရာ သီးသန့်ပေးမှာ မဟုတ်ဘဲ တခြားနေရာတွေမှာ ရောနှော နေထိုင်လို့ ရအောင်စီစဉ်ပေးမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်း အစိုးရက ကျူးကျော်စာရင်းပြုစုတာကို တစ်လခွဲနဲ့ အပြီးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျုးကျော်နေထိုင်သူတွေ ပြဿနာကို အစိုးရအနေနဲ့ ဖြေရှင်းသွားမှာဖြစ်ပြီး ဒီနေ့ မေလ ၂၅ ရက်နောက်ပိုင်း နောက်ထပ်တိုးလာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။