ပင်လယ်ဘူးမြို့မှာ အန်အယ်လ်ဒီပါတီဝင် ၉၀ ကျော် နှုတ်ထွက်


2015.08.20
nld-members-620.jpg ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲ တက်ရောက်လာတဲ့ NLD ပါတီ ထောက်ခံသူတွေကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ်နဲ့ စံရားကြီးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၉၀ ကျော်ဟာ ပါတီဗဟိုရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်တာကြောင့် ပါတီဝင်အဖြစ် ကနေ နှုတ်ထွက်လိုက်ပါတယ်။ ပင်လယ်ဘူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီဗဟိုက ရွေးချယ်ပေး လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကို လက်မခံနိုင်တာကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ NLD ပါတီ ပင်လယ်ဘူးမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖိုးသဲက ပြောပါတယ်။

"ကျနော်တို့ ပင်လယ်ဘူးမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာပေါ့ လူမှုရေး၊ ပညာရေး တအား အားနည်းတဲ့ပုဂ္ဂိုလ်ပေါ့ ရလဒ်ထွက်လာတာကြောင့် ဒီကိုယ်စားလှယ်ကို မကြိုက်လို့ မြို့နယ်အလုပ်အမှုဆောင်က ၃ ဦး ပါတီဝင်က ၈၉ ဦး အားလုံး ၉၂ ဦး ဒီနေ့နှုတ်ထွက်ကြတာပါခင်ဗျ၊ ကျနော်တို့ရဲ့ပါတီဟာ အောက်ခြေရဲ့အသံ ကို နားမထောင်ဘူးလို့ ဒီလိုမှတ်ချက်ပေးပြီးမှ ရပ်ကျေးတွေရဲ့အသံကို နားထောင်စေချင်တယ်"

မြို့နယ်အလုပ်အမှုဆောင် ၃ဦးနဲ့ စံရားကြီးကျေးရွာက  NLD ပါတီဝင် ၉၀ကျော်ဟာ ဒီနေ့ နှုတ်ထွက်လိုက်တာလို့ သိရပါတယ်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်က မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ဦးကလည်း အမျိုးသားလွှတ်တော်နေရာအတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို လက်မခံနိုင်တာကြောင့် ပါတီဝင်အဖြစ်ကနေ ဒီကနေ့ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပခုက္ကူ၊ မိတ္ထီလာ၊ လှည်းကူး စတဲ့မြို့နယ်တွေမှာလည်း NLD ဗဟိုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ကြသလို ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်တာတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။