နိုင်ငံရေးအကျဉ်းသား ၆ ဦး စာရင်း တိုးဖို့ ကော်မတီတောင်းဆိုမည်


2014.05.14

လတ်တလော ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေနဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ၅ ဦး စုစုပေါင်း ၆ ဦးကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုပေး ဖို့ တောင်းဆိုသွားမယ်လို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ဒီနေ့ ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပေးဖို့ တောင်း ဆိုမယ့်သူ ၆ ဦးစလုံးဟာ နိုင်ငံသားတစ်ဦးချင်း စီရဲ့ အခွင့်အရေးအရ တောင်းဆိုသူတွေသာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပေးရမယ်လို့ လက်ကျန်နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။

"စာရင်းအရက ၂ဝ၁၃ လက်ကျန်က ကျနော်တို့ အယောက် ၃ဝ ရှိပါတယ်၊ အခုနောက်တိုးလာတာက ၆ ယောက်ရှိပါတယ်ခင်ဗျ၊ ကိုနေမျိုးဇင်၊ ကိုဝင်းချို နောက်တခါ ကိုသော်ဇင်၊ ကိုရာဇာရယ်၊ ကိုဇော်ဖေရယ် ဦးလှိှုင်လှိှုင်တို့ပါ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားများအဖွဲ့ AAPP တို့ ဒါညှိနှှိုင်းပြီးတော့ အကုန်လုံးက ဒီစာရင်းတွေကို ဆက်ဖြည့်လိုက်ကြပါ၊ သူတို့ရဲ့လုပ်ဆောင်ချက်တွေ အချက်အလက်တွေ သူတို့ကို အရေးယူရခြင်းအကြောင်းရင်းတွေကို ကျနော်တို့က အဓိကထားသိပါတယ် ၊ သူတို့ရဲ့ရည်ရွယ်ချက်တွေ ဒီနိုင်ငံရေးအရ လိုအပ်ချက်တွေကို ဖော်ထုတ်တာဖြစ်တယ်၊ သူတို့ရဲ့ဆန္ဒတွေ ပြည်သူရဲ့ဆန္ဒတွေကို ကိုယ်စားပြုပြသတာဖြစ်တယ် ဒါတွေကို တည်ဆဲဥပဒေနဲ့ အရေးယူလိုက်တဲ့အခါမှာ ဒါဟာနောက်တဆင့်ထပ်ပြီးတော့ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ပြီး အရေးယူခံရတာဖြစ်တယ်လို့ ကျနော်ကယူဆတယ်"

အဲဒီ ၆ ဦးကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုပေးဖို့အတွက် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တို့က ဆွေးနွေး သဘောတူခဲ့တာဖြစ်ပါတယ်။

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပတဲ့အခါ အဲဒီ နောက်တိုး ၆ ယောက် စာရင်းကို တင်ပြသွားမယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ပြစ်ဒဏ်ချမှတ်ခံရပြီး သူတွေကိုသာ နိုင်ငံရေးအကျဉ်းသားစာရင်းထဲ ထည့်သွင်းထားတာဖြစ်ပြီး အမှုရင်ဆိုင်နေသူတွေ မပါဝင်ဘူးလို့ သိရပါတယ်။

အဲဒီ ၆ ဦးထဲမှာ လက်ရှိ အမှုရင်ဆိုင်နေရဆဲပုဂ္ဂိုလ်တွေ ပါရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြု ခွင့်ရ၊ မရ မသေချာသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။