ပုဂံရှေးဟောင်းနယ်မြေမှာ ဟိုတယ်တည်ဆောက်မှု ဒေသခံများ ထပ်မံ ကန့်ကွက်မည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းမှာ ပုဂ္ဂလိကဟိုတယ်တွေ တည်ဆောက်နေတာတွေ ကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် အခုလ ၂၂ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ထပ်မံဆန္ဒပြသွားမယ်လို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေးအဖွဲ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။

2012.11.10
pagan_scene_305_z.jpg ပုဂံရှေးဟောင်းဘုရား မြင်ကွင်း
Photo: RFA

ပုဂံဒေသခံတွေပြုလုပ်မယ့် ဒုတိယအကြိမ် ဆန္ဒပြပွဲမှာလူ ၃၀၀၀ကျော် ပါဝင်မှာဖြစ်ပြီး နိုင်ငံတကာကပါ သိရှိအောင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြသွားမယ်လို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ကိုမင်းနိုင်အောင်က ဆိုပါတယ်။

ပုဂံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးသန်းအောင်ကတော့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ဟိုတယ်တွေမှာ သစ်ပင်စိုက်ပျိုးဖို့မြေကြီးတွေကို တူးဆွလိုက်မယ်ဆိုရင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေ ထိခိုက်ပျက်စီးမှာကို ကန့်ကွက် ဆန္ဒပြမှာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ယဉ်ကျေးမှုနယ်မြေအတွင်းမှာရှိတဲ့ ဘုရားတွေကိုအထပ်ကငုံပြီး ဆောက်ခွင့်ပေးတာ ရှေးဟောင်း လက်ရာတွေကိုကွယ်ပြီး တည်ဆောက်တာတွေဟာမဖြစ်သင့်ဘူးလို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ပုဂံဒေသခံဦးရဲမြင့်ကလည်း ဒီသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဆောက်လက်စ ဟိုတယ် ၁၀လုံးနဲ့ စားသောက်ဆိုင်တွေ၊ အနှိပ်ခန်းတွေနဲ့ ကာရာအိုကေခန်းတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။