ပြည်ထောင်စုသစ္စာ ရုပ်ရှင်ကားကိစ္စ တပ်မတော်က တိုင်ကြား

2017-04-29
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
The Voice နေ့စဉ် သတင်းစာမှာ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ထားတာကို တွေ့ရစဉ်
The Voice နေ့စဉ် သတင်းစာမှာ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ထားတာကို တွေ့ရစဉ်
.

မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာမှာ တပ်မတော်က ရိုက်ကူးတဲ့ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ဖော်ပြတဲ့အတွက် တပ်မတော် က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို တိုင်ကြားထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး The Voice သတင်းစာရဲ့ ရပ်တည်ချက်တွေကို  စာနယ်ဇင်းကောင်စီကနေတဆင့်  မနေ့က ပေးပို့လိုက်တယ်လို့ The Voice နေ့စဉ်ထုတ် သတင်းစာရဲ့ အယ်ဒီတာ ကိုအောင်စိုးက ပြောပါတယ်။

"သတင်းမီဒီယာစံနှုန်း ကျင့်ဝတ်တွေနဲ့ ဘယ်လိုရေးသားဖော်ပြတယ်၊ သတင်းက။ သရော်စာဆိုတာက လတ်တလောဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေအပေါ်မှာ အပြုသဘောဆောင်ပြီး သူကထောက်ပြ မယ်၊ ဟာသ ရသစာပေ အမျိုးအစားပေါ့၊ ဆောင်းပါးရေးတဲ့ ကလောင်ရှင်ရဲ့ စိတ်ကူးနဲ့ရေးတဲ့ဥစ္စာ အမျိုးအစား။ သတင်းစံနှုန်းနဲ့ သူ့ကိုတိုင်းလို့မရဘူး။ နောက်ပြီး The Voice အနေနဲ့ စတင်ထုတ်ဝေတဲ့ အချိန်ကနေ အခုချိန်အထိ နိုင်ငံရဲ့ အရေးကြီးတဲ့ အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ တပ်မတော်နဲ့ ပတ်သက်ပြီး ကျနော်တို့ ရပ်တည်ချက်ကို ဖော်ပြထားတယ်"

သရော်စာမှာ ပြည်ထောင်စုသစ္စာကို ကျည်ထောင်စုသစ္စာဆိုပြီး ရေးတာနဲ့ စစ်ပွဲတွေမှာ ငယ်သားတွေကသာ တိုက်ခိုက်နေပေမယ့် ခေါင်းဆောင်ပိုင်းတွေက ဝိုင်ခွက်ချင်းတိုက်ပြီး ပခုံးဖက်နေကြတယ်ဆိုတဲ့ အချက်တွေ အပါအဝင် အချက်လက်တချို့ကို တပ်မတော်ဘက်က ထောက်ပြထားတယ်လို့ ပြောပါတယ်။

တပ်မတော်ဘက်က အဲဒီသရော်စာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ဧပြီလ ၂၅ ရက်နေ့က ပေးပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။

ကျည်ထောင်စု သစ္စာဆိုတဲ့ အဲဒီသရော်စာကို ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် က ရေးသားထားတာပါ။

အဲဒီ သရော်စာထဲမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြောင်း၊ လက်ပန်းတောင်စီမံကိန်း ကိစ္စ၊  မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာတဲ့လူတစ်ယောက် သေနတ်မှန်တာနဲ့ ချောင်းဆုံတံတားကို လွှတ်တော်မှာ နာမည်ပေးတဲ့ ကိစ္စတွေကို သရော်ရေးသားထားတာဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ဘယ်‌အလုပ်‌မဆို‌အောက်‌က‌နေ အထက်‌အဆင့်‌၂ကို သူ့ရဲ့ Line Management အတိုင်းသွားပါတယ်‌ ဒီလိုသာမဟုတ်‌ရင်‌ ဗိုလ်‌‌တွေ ဗိုလ်‌ချုပ်‌‌တွေဆိုတာမရှိ‌တော့သလို မန်‌‌နေဂျာ အ‌ထွေ၂မန်‌‌နေဂျာ
ဒါရိုက်‌တာဆိုတာမရှိ‌တော့ပဲ အားလုံးက ရဲ‌ဘော်‌တပ်‌သား
အားလုံးကအလုပ်‌သမားပဲဖြစ်‌လာ‌တော့မှာပါ

ထို့အတူပညာတတ်‌‌(စစ်‌ဘက်‌အဆင့်‌မြင့်‌ပညာ အရပ်‌ဘက်‌
အဆင့်‌မြင့်‌ပညာ)‌တွေဖြစ်‌‌အောင်‌စာသင်‌စရာမလိုဖူးဖြစ်‌သွားမှာပါ။

တာဝန်‌ချိန်ပြင်‌ပ‌ရော တာဝန်‌ချိန်‌မှာပါ မိတ်‌‌ဆွေအချင်း၂‌ပျော်‌ရွင်‌စွာစား‌သောက်‌တာကို Line Management နဲ့မ‌ရော‌ထွေးဖို့လိုပါသည်‌

မည်‌သည့်‌စာ‌ရေားသားသူမဆို ဒီသိသင့်‌သိရမဲ့ အ‌ခြေခံသ‌ဘောတရားကိုနားလည်‌ရင်‌ မလိုလားအပ်‌တဲ့လွဲမှားမူ‌တွေဖြစ်‌လာစရာ
မရှိ‌တော့ပါဖူး။

အပြုသ‌ဘောနဲ‌ရေးသားတာကိုလက်‌ခံနိုင်‌‌ပေမဲ့ တင်‌ပြပုံက အလွန်‌ အ‌ရေးကြီးပီး အ‌ခြေခံနားလည်‌ရမည့်‌အချက်‌ကို လစ်‌လျုရုလို့မရပါဖူးဆိုတာနားလည်‌ဖို့လို‌ကြောင်းအကြံပြုလိုပါသည်‌။

Apr 30, 2017 01:09 AM

ဆိုက်တခုလုံးသို့