ရခိုင်အရေးအကောင်အထည်ဖော်ရေးကော်မတီ ရခိုင်ပြည်ရောက်ရှိ


2017.09.18
winmyataye-622.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်တွေဟာ ကျောက်တော်၊ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေကို ဒီနေ့ကစပြီး ၂ ရက်ကြာ သွားရောက်လေ့ လာမှာဖြစ်ပါတယ်။

၂ ရက်ကြာခရီးစဉ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နဲ့လည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

"ဒီနေ့ကစသွားတယ်၊ ဒီနေ့ကျောက်တော်၊ ကျောက်တော်ပြီး စစ်တွေ၊ စစ်တွေပြီးရင်နောက်နေ့ကျရင် ဘူးသီးတောင်၊ မောင်တော အဲ့ဒါသွားမယ်၊ ၂၀ ရက်နေ့ ကျတော့ စုပေါင်းပြီးတော့ဆွေးနွေးမှာပေါ့၊ ပြည်နယ်အစိုးရအဖွဲ့နဲ့လေ၊ အဲ့မှာဆွေးနွေးပြီးတော့ ပြန်လာကြမှာပေါ့၊ ၂ ရက်ပါပဲ"

အဲဒီကော်မတီဟာ ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်ပြီး စစ်ဆေးခဲ့တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာတွေမှာပါတဲ့ အကြံပြု ချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အကြံပြုချက်တွေပေးစဉ်က မြေပြင်အခြေအနေနဲ့ လက်ရှိမြေပြင်အခြေအနေ ကွာခြားသွားတာကြောင့် လက်တွေ့အကောင်အထည်ဖော်နိုင်မယ့်ကိစ္စ၊ အကျိုးရှိမယ့်ကိစ္စတွေကို ဦးစားပေးဆောင်ရွက်လို့ရအောင် အခုလိုသွားရောက်လေ့လာနေတာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

သွားရောက်လေ့လာနေတဲ့အဖွဲ့ဝင်တွေ ပြန်လာပြီး ၂ ပတ်အတွင်းမှာ ကော်မတီအစည်းအဝေး ပြုလုပ်ပြီး ဦးစားပေးအကောင်အထည်ဖော်မယ့်ကိစ္စတွေကို မဟာဗျူဟာတစ်ရပ်ချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

ပြည်သူအကျိုးရှိဖို့၊ လက်တွေ့မြေပြင် အခြေအနေမှာ ဆောင်ရွက်နိုင်တဲ့ကိစ္စမျိုးတွေနဲ့ ရေရှည်အကျိုးရှိမယ့်ကိစ္စတွေ ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ကော်မတီရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တိုးတက်မှုအခြေအနေတွေကို ၄ လ တစ်ကြိမ် အများပြည်သူကို ထုတ်ပြန်ရမှာဖြစ်ပြီး ကော်မတီရဲ့ သက်တမ်းကာလကို သတ်မှတ်ထားတာ မရှိသေးဘူးလို့  သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။