ရခိုင်အရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ကျပ်သိန်း ၂၀၀ ကျော် လှူဒါန်း


2017.10.26
theinswe-622 အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီရဲ့ စီမံကိန်းအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ၂၂၅ သိန်း လှူဒါန်းလိုက်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက အခု လှူဒါန်းငွေကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ နေ့တွက်စားရိတ်တွေထဲကနေ လှူဒါန်းတာဖြစ်ပြီး အမျိုးသားလွှတ်တော်ကနေ စုစုပေါင်း ငွေကျပ် ၇၅ သိန်း လှူဒါန်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"၄၄ သိန်း ၈ သောင်းက ကျနော်တို့က တစ်နေ့တာ နေ့တွက်စရိတ်ကို ကောက်ခံရရှိလိုက်တာ၊ အဲဒီအပေါ်မှာ ဥက္ကဌကနေထပ်ပြီးတော့ လွှတ်တော်စီမံခန့်ခွဲပိုင်ခွင့်ထဲကေ နထပ်ဖြည့်ပြီးတော့ အမျိုးသားလွှတ်တော်ကနေ ၇၅ သိန်းပြည့်အောင်လို့ ထပ်လှူတာပေါ့"

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၃၅ ဦး စုစုပေါင်း ၆၅၉ ဦးက တဟ်ဦးကို ကျပ်နှစ်သောင်းနှုန်းနဲ့ သိန်း ၁၃၀ ကျော် လှူဒါန်းခဲ့တာဖြစ်ပြီး လွှတ်တော်ဥက္ကဌနှစ်ဦးတို့က သူတို့ရဲ့ စီမံခန့်ခွဲပိုင်ခွင့်ထဲကနေ ငွေကျပ် ၉၅ သိန်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး အခုလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကော်မတီရဲ့ ရခိုင်ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒေါ်လာ ၄၀၀၀ လှူဒါန်းထားသလို မကြာသေးခင်ကလည်း ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက သန်းပေါင်း ၁၈၀၀၀ နီးပါး လှူဒါန်းထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။