မွတ်ဆလင်တွေကို ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ဖို့ စစ်တွေမှာ ဆန္ဒပြမယ်
2017.03.09
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်တွေကို နိုင်ငံသားစိစစ်ရာမှာ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ တောင်းဆိုဆန္ဒပြပွဲတွေကို စစ်တွေမြို့မှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားဖို့ ဒေသခံတွေက မနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ စတဲ့မြို့တွေက ဒေသခံတွေက မနေ့က စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဘူးသီးတောင်မြို့ခံ ဦးအဖြူမောင်က ပြောပါတယ်။
"ကျနော်တို့ ဒေသခံတွေက နိုင်ငံသားပေးတာကို ကန့်ကွက်နေတာ မဟုတ်ပါဘူး၊ ၁၉၈၂ ခုနှစ်က ပြဌာန်း ထားတဲ့ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ ဆောင်ရွက်ပြီးပေမယ်ဆိုရင် အဲဒီဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း ဖြစ်သင့်ဖြစ်ထိုက်တဲ့သူဖြစ်ရင် ကျနော်တို့က ကန့်ကွက်မှာမဟုတ်ပါဘူး၊ အခုက အဲဒီဥပဒေပြဌာန်း ထားတဲ့အတိုင်း မဟုတ်ဘဲနဲ့ ဥပဒေနဲ့ မညီတဲ့လူတွေကို ပြည်သူလူထုကို တစ်စုံတရာချပြထားခြင်းမရှိဘဲနဲ့ လျှိ့ဝှက်ပြီး ထုတ်ပေးနေတယ်ဆိုတော့ ကျနော်တို့က ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်"
လာမယ့် မတ်လ ၁၉ ရက်နေ့မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ဆန္ဒပြကန့်ကွက်မှုတွေကို တပြိုင်တည်းပြုလုပ်မှာဖြစ်ပြီး မတ်လ ၂၀ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့မှာ ဆန္ဒပြတောင်းဆိုမှုတွေကို ၈ ရက်တိုင်တိုင်ပြုလုပ်သွားဖို့ မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
မွတ်ဆလင်တွေကို ဥပဒေနဲ့မညီဘဲ နိုင်ငံသားပေးနေတဲ့ကိစ္စကို ကန့်ကွက်ထားပေမယ့် အစိုးရဘက်က တစ်စုံတရာတုန့်ပြန်ဖြေရှင်းတာ မရှိတဲ့အတွက် ဆန္ဒပြတောင်းဆိုမှုတွေကို အခုလိုအရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ စီစဉ်ရတာလို့လည်း ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။
ဥပဒေနဲ့မညီတဲ့ မောင်တောမြို့နယ်အတွင်းက မွတ်ဆလင် ၅၀ ကျော်ကို အစိုးရက နိုင်ငံသားဖြစ်ခွင့်ရှိမယ့် ကဒ်ပြားတွေကို ထုတ်ပေးခဲ့သလို ဘူးသီးတောင်မြို့မှာလည်း မွတ်ဆလင် ၃၀ ကျော်ကို ဥပဒေနဲ့မညီဘဲ နိုင်ငံ သားကဒ်တွေထုတ်ပေးဖို့ အစိုးရကပြင်ဆင်နေတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့ခံ ဦးအဖြူမောင်က ပြောပါတယ်။
မတ်လ ၂၀ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်မယ့် စစ်တွေမြို့က ဆန္ဒပြတောင်းဆိုပွဲမှာ မြို့နယ်ပေါင်းစုံ က ဒေသခံတွေပါ လာရောက်ပူးပေါင်း လုပ်ဆောင်သွားဖို့ကိုလည်း မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြ ပါတယ်။