၆ လကြာခဲ့ပေမယ့် ရခိုင်က ဒုက္ခသည်တွေ အခက်အခဲများစွာရှိနေဆဲ

ရခိုင်ပြည်နယ် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ၆ လ ရှိခဲ့ပြီ ဖြစ်ပေမယ့် အိုးအိမ်စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည် ၁ သိန်း ၁ သောင်းကျော်ဟာ အခက်အခဲမျိုးစုံ နဲ့ နေထိုင်နေကြရဆဲပဲလို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က ပြောကြား လိုက်ပါတယ်။

2012.12.07
rakhine_refugee_305 ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခများကြောင့် မြောက်ဦးမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ မှီခိုနေကြတဲ့ ထွက်ပြေးတိမ်းရှောင် လာကြတဲ့ တိုင်းရင်းသားဒုက္ခသည်များကိုတွေ့ရစဉ်
Photo: RFA/Min Thein Aung

UNHCR အနေနဲ့ ဒုက္ခသည် ၃ ပုံ ၂ ပုံနီးပါးကို အကူညီတွေပေးခဲ့ပြီး ဖြစ်ပေမယ့် လိုအပ်ချက်တွေက တောင်လိုပုံနေဆဲဖြစ်တယ်လို့ UNHCR ပြောခွင့်ရသူ Adrian Edwards က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လောလောဆယ် ဒုက္ခသည်တွေဟာ နေရာအနှံ့ဖြစ်ပေါ်ခဲ့တဲ့ ဖျက်ဆီးမှုတွေနဲ့ တင်းမာနေဆဲ အခြေနေတွေကြောင့် ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ဖို့မဖြစ်နိုင်သေးဘုူးလို့လည်း သူကပြောပါတယ်။

အာဏာပိုင်တွေကိုလည်း လုံခြုံစိတ်ချစွာနဲ့ နည်းလမ်းတကျ ဆန္ဒအလျောက် နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးနိုင်ရေး ပညာပေးလုပ်ဆောင်နေသလို တဖက်ကလည်း နိုင်ငံသားဖြစ်ခွင့် နည်းလမ်းအားဖြင့် နိုင်ငံမဲ့အိုးအိမ်မဲ့အခြေနေကို ဖြေရှင်းနိုင်ဖို့ တောင်းဆိုနေတယ်လို့လည်း UNHCR ပြောခွင့်ရသူက ပြောပါတယ်။

အခုချိန်အထိ UNHCR အနေနဲ့ ဒုက္ခသည် ၇ သောင်းကျော်အတွက် အမိုးအကာနဲ့အိမ်သုံးပစ္စည်းတွေ ဖြန့်ဝေပေးခဲ့ပြီး နောက်အပတ်မှာ UNHCR ယာယီတဲ အလုံး ၃၅၀၀ ကျော်  စစ်တွေမြို့ကို ရောက်လာဖို့ရှိကြောင်း၊ ဒီအကူညီတွေဟာ အောက်တိုဘာလကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ မြေပုံမြို့နယ်တွေက အိုးအိမ်မဲ့သူတွေအတွက် ရည်ရွယ်ထားကြောင်းလည်း သူကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။