မွတ်ဆလင်တွေကို နိုင်ငံသား အသိအမှတ်ပြုကဒ် ထုတ်ပေးတဲ့ ကိစ္စ ကြေညာချက်ထုတ်


2017.02.23
maungtaw-city-620.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံသားအသိအမှတ်ပြု ကဒ်တွေထုတ်ပေးဖို့ စီစဉ်နေတာတွေကို ရပ်တန့်ပေးဖို့ မောင်တောမြို့ခံတွေက မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေမှာ ဥပဒေပါအချက်အလက်တွေအတိုင်း တိတိကျကျအကောင် အထည်ဖော်ပေးဖို့ တောင်းဆိုတာလို့ မောင်တောမြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးထွန်းအေးသိန်းက ပြောပါတယ်။

"ကျနော်တို့အနေနဲ့ အစိုးရကိုပြောချင်တာက အဲဒီကိစ္စကို ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးပါ၊ ဥပဒေဘောင်အထဲကပဲလုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်"

အစိုးရအနေနဲ့ မွတ်ဆလင် ၂၁ ဦးကို နိုင်ငံသားအသိအမှတ်ပြု ကဒ်ပြားတွေထုတ်ပေးခဲ့သလို မွတ်ဆလင် ၁၄ ဦးနဲ့ အဲဒီအထဲက သားသမီး ၁၈ ဦးကို နိုင်ငံသားပြုခွင့်ရသူအဖြစ် အသိအမှတ်ပြုကဒ်ပြားတွေ ထုတ်ပေးခဲ့တဲ့ကိစ္စဟာ ဥပဒေနဲ့မညီဘူးလို့ ယုံကြည်တာကြောင့် ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာလို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က နိုင်ငံသားစိစစ်ရေးအဖွဲ့တွေထဲမှာ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရခဲ့ကြပေမယ့် လက်ရှိအစိုးရလက်ထက်မှာတော့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ဖယ်ထုတ်ပြီး အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေနဲ့သာဖွဲ့စည်း စိစစ်ခဲ့တာကြောင့် ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း ပြောပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အညီ စိစစ်ဆောင်ရွက်ရာမှာ ဒေသခံဌာနေတိုင်းရင်းသား ကိုယ်စား လှယ်တွေပါဝင်တဲ့ အဖွဲ့နဲ့စီစစ်ပေးဖို့နဲ့ ဥပဒေနဲ့မညီတဲ့ နိုင်ငံသားအသိအမှတ်ပြုကဒ်ပြားတွေနဲ့ နိုင်ငံသားပြုခွင့် ရသူကဒ်ပြားတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ကိုလည်း မနေ့က ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့တောင်းဆိုချက်တွေကို ၇ ရက်အတွင်း ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက် မပေးဘူးဆိုရင် မောင်တောမြို့ကနေ ဘူးသီးတောင်၊ စစ်တွေမြို့အထိ ချီတက်ဆန္ဒဖော်ထုတ်သွားမယ်လို့လည်း ပါရှိပါတယ်။

မနေ့က မောင်တောမြို့ခံတွေ မြို့ပေါ်မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ဒီကြေငြာချက်ကို ထုတ်ပြန်လိုက် တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ မောင်တောမြို့နယ် လဝကရုံးရှေ့ကို မြို့ခံတွေ ချီတက် ဆန္ဒပြတောင်းဆိုကြမှာ ဖြစ်တယ်လို့လည်း မောင်တောမြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးထွန်းအေးသိန်းက ပြောပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းက နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ နိုင်ငံသားများ၏မူလအခွင့်အရေးနဲ့ အထူးကြားနာစုံစမ်းရေးလုပ်ငန်း အဖွဲ့က မောင်တောမြို့နယ်ကို မနက်ဖြန်ကနေစတင်ပြီး သွားရောက်လေ့လာစုံစမ်းမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။