ပြန်လည်ထူထောင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ၅ဘီလီယံ လျာထား


2017.10.18
myo-village-622.jpg မောင်တောမြို့နယ်မြောက်ပိုင်း ခုံတိုင်ကျေးရွာသစ်တည်ဆောက်မှုကို အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့လုပ်ငန်း ၁၄ ခုကို အကောင်အထည်ဖော်ဖို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဘတ်ဂျက် ၅ဘီလီယံ လျာထားတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်း ၁၄ ခု အကောင်အထည်ဖော်ဖို့အတွက် ၅ ဘီလီယံလောက် ကုန်ကျမှာ ဖြစ်ပြီး ပြည်ထောင်စုအစိုးရက ဘတ်ဂျတ် ၃.၂ ဘီလီယံပဲ ချထားပေးတယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညို က ပြောပါတယ်။

"ရခိုင်ပြည်နယ်ဖြစ်စဉ်နောက်ပိုင်း ကျနော်တို့ မြေပြင်ကွင်းဆင်းစစ်တယ်၊ စစ်ပြီးတော့ အမှန်တကယ် အဆောတလျင်လုပ်ပေးဖို့ လုပ်ငန်း ၁၄ ခု ထွက်လာတယ်၊ တန်ဖိုးနည်းအိမ်ရာဆောက်ပေးရမှာတွေ၊ သူတို့အတွက် လမ်း၊ တံတားလုပ်ပေးရမှာတွေ၊ နောက်မီးလင်းဖို့လုပ်ပေးရမှာတွေ၊ အဲဒါတွေ ပြန်တွက်ချက် ကြည့်လိုက်တော့ ဘတ်ဂျက်က ကျနော်တို့ ဝန်ကြီးဌာနတစ်ခုထဲတင်ပဲ ဘတ်ဂျတ်က ၅ ဘီလီယံလောက် ဘတ်ဂျတ်လိုအပ်ချက်ရှိတယ်၊ ကျနော်တို့လက်ထဲမှာ ပြည်ထောင်စုအစိုးရ ခွင့်ပြုပေးခဲ့တဲ့ဘတ်ဂျတ်က ၃.၂ ရှိပြီးသားတော့ ၁.၈ လောက်သာ လိုနေတာပေါ့"

ဘတ်ဂျက်လိုအပ်ချက်နဲ့ပတ်သက်ပြီး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ရခိုင်အရေးကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီထံ တင်ပြထားပြီး လိုငွေကို ကော်မတီက ဘယ်လို စီစဉ်ပေးမလဲဆိုတာကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။

အကြမ်းဖက်မှုတွေအတွင်း ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတဲ့ ခုံတိုင် မြိုတိုင်းရင်းသားကျေးရွာမှာ နေအိမ်တွေ စတင် ဆောက်လုပ်နေပြီး လာမယ့်ဒီဇင်ဘာလအတွင်း အပြီးသတ်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

ခုံတိုင်ရွာမှာ မူလရှိတဲ့ အိမ်အရေအတွက်အတိုင်း တစ်အိမ်ကို ကျပ် ၆၈ သိန်းတန်ဖိုးရှိတဲ့ တစ်ထပ်တိုက်အိမ်ပုံစံမျိုး နေအိမ် ၄၈ လုံးကို ပြန်လည်ဆောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။