ရခိုင်ပြည်နယ် ဆူပူမှု ၅ ဦး ထပ်မံသေဆုံး

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မနေ့က လူ ၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိတွေက ပြောပါတယ်။
2012-06-08
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

မောင်းတောမြို့နယ်က ကျေးရွာ တစ်ဒါဇင်လောက်မှာ နေအိမ်တချို့ကို ဒေသခံ မူဆလင်ဘာသာဝင်တချို့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ပြီး နှိမ်နင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မောင်းတောမြို့ပေါ်က မူလတန်းကျောင်း ၅ ကျောင်း ဖျက်ဆီးခံရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ပေါ်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမယ့် အနီးအနား ကျေးရွာတွေမှာ ပဋိပက္ခတွေ ဆက်ပြီးဖြစ်ပွားနေကြောင်း၊ ဗိုလ်မင်းရွာမှာရှိတဲ့ နေအိမ်တချို့နဲ့ တည်းခိုခန်းတချို့ မီးရှို့ခံရတယ်လို့ ဒေသခံတွေ က ပြောဆိုကြောင်း ပြည်တွင်းဂျာနယ်တွေရဲ့Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြကြပါတယ်။

ဒါ့အပြင် စစ်တွေမှာလည်း ခဲနဲ့ပေါက်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးမှုတွေဟာ မွတ်ဆလင် ဘာသာဝင်တွေက ဓားတွေနဲ့ ခုတ်ကြတာကြောင့် ဖြစ်ကြောင်း၊ ၆၅ နှစ်အရွယ် လူတစ်ယောက်ဟာ ဓားဒဏ်ရာကြောင့် နေရာမှာတင် သေဆုံးခဲ့ကြောင်း၊ တခြား ၃ ယောက်ကတော့ ဒဏ်ရာ အပြင်းအထန်ရပြီး ဆေးရုံပေါ်မှာ သေဆုံးသွားကြောင်း၊ အသတ်ခံခဲ့ရသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အစိုးရအရာရှိ တစ်ယောက်က ပြောပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားးနေတဲ့ ပြဿနာတွေကို အကြမ်းမဖက်ဘဲ ဖြေရှင်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ စာရေးဆရာကြီး ဒဂုန် တာရာက မေတ္တာရပ်ခံ လိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေအတွက် စိုးရိမ်ကြောင်းနဲ့ အစိုးရရဲ့ပြုပြင် ပြောင်းလဲမှုတွေ ရှေ့ဆက်နိုင်ရေးအတွက် တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး ဆွေးနွေးကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မိမိတို့အနေနဲ့ ခရီးသည်တင် ယာဉ်ပေါ်မှာ ပါလာတဲ့ မွတ်ဆလင် ဘာသာဝင် ၁၀ ယောက်ကို ကားပေါ်ကဆွဲချပြီး သတ်ခဲ့တဲ့ကိစ္စနဲ့ မွတ်ဆလင် ဘာသာဝင်တွေ ရဲ့ ပြန်လည် သတ်ဖြတ်မှုတွေအတွက် အလွန်စိုးရိမ် ပူပန်ရပါကြောင်း၊ အသက်ပေါင်းများစွာ သေဆုံးရမှုအတွက် အထူးပဲ စိတ်မကောင်းဖြစ်ရပါကြောင်း၊ ဒီအဖြစ်အပျက် ဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအုပ်စုများအကြား တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြ နေပါတယ်လို့ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်