တပ်မတော်နဲ့ RCSS/SSA တိုက်ပွဲထပ်မံဖြစ်ပွား


2017.01.19
rcss-ssa-620.jpg ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာအစိုးရရဲ့ ဆီဆိုင်မြို့အခြေစိုက် အမှတ် ၄၂၉  ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဝင်တွေ  ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ် ပိန်ဆိုင်ကျေးရွာအုပ်စု နောင်လေးကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့  RCSS ပြောခွင့်ရပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောပါတယ်။

"မိုင်းပွန်နဲ့ လွိုင်လင်ဘက်မှာဖြစ်တာပါ၊ အမှန်ကတော့ ကျနော်တို့ နေရာချထားတဲ့တပ်တွေကို တပ်မတော် က ဝင်ပစ်တာပါ။ မနက် ၇ နာရီခွဲလောက်ပါ။ ပိန်ဆိုင်ကျေးရွာအုပ်စုပေါ့နော် နောင်လေး ကျေးရွာနားမှာ ဒီတပ်မတော်ဘက်က ကျနော်တို့ဘက်ကို ဝင်ပြီးတော့ စီးနင်းတဲ့အတွက်ကြောင့်မိုလို့ ကျနော်တို့ဘက်က ကင်းချထားတဲ့ စစ်သားတွေက ကျောပိုးအိတ် နှစ်လုံးရှုံးသွားပါတယ်။ ထိခိုက်နစ်နာမှုတော့ မရှိပါဘူး၊ NCA လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်း ဆိုရင် ဒီနယ်မြေထဲမှာတော့ နှစ်ကြိမ်သုံးကြိမ်ရှိပြီ၊ ကျနော်တို့ ဒီ မိုင်းကိုင် နမ့်လန်ဘက်ဆိုရင်တော့ သုံးကြိမ်လောက်ပေါ့နော်၊ ဟုတ်ကဲ့ ကျနော်တို့ ၁၀ ကြိမ်နီးပါး ရှိပြီလို့ပြောလို့ရပါတယ်"

ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟာ အစိုးရနဲ့ NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အခုလို လာရောက်တိုက်ခိုက်တာဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်းလည်း ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်း ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။