တန်းတူအခွင့် အရေးတောင်းဆိုမယ်လို့ ရှမ်းနီခေါင်းဆောင်တွေ ပြောကြား


2016.02.27
red-shan-conference-620.jpg ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကကျင်းပတဲ့ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားညီလာခံကို တွေ့ရစဉ်။
Photo: Sai Chit

တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ တန်းတူညီမျှ အခွင့်အရေးတွေကို မဆုံးရှုံးစေဖို့ လာမယ့်အစိုးရ သစ်လက်ထက်မှာ ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်ပြသွားမယ်လို့ ရှမ်းနီ (တိုင်းလိုင်) တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ဒီကနေ့ ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက် သာသနာ့ဗိမ္ဗာန်မှာ ကျင်းပနေတဲ့ ပထမအကြိမ် ပြည်နယ်လုံးဆိုင်ရာ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားညီလာခံမှာ ညီလာခံဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းချစ်ငွေက ပြောပါတယ်။

"တိုင်းရင်းသား တန်းတူရည်တူအခွင့်အရေးတော့ ရချင်တာပေါ့ဗျာ အားလုံးပဲ၊ အဲ့ဒီအတွက်တော့ ကျနော် တို့ ပြောစရာမရှိပါဘူး၊ တန်းတူရည်မျှအခွင့်အရေးနဲ့ ကြည့်ရင်တော့ တိုင်းရင်းသားတွေအားလုံး ပြည်နယ် တစ်ခုပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ပိုင်ဖြစ်ပြီးမှ အိမ်ရှင်ကဧည့်သည်ဖြစ်၊ ဧည့်သည်ကအိမ်ရှင်ဖြစ်သလိုမျိုး ခံစားနေရတာပေါ့ အားလုံးကို၊ ဒါ ကျနော်တို့ သမိုင်းအထောက်အထားအရ အားလုံးရှိတာပဲလေ၊ အဲ့ဒီအတွက်ကြောင့်မို့ တန်းတူရည်တူ မရဘူးဆိုတာ တွက်ဆလို့ရတာပဲလေ၊ ပြည်နယ်အစိုးရအဖွဲ့မှာ ကြည့်လိုက်ရင်သိပါတယ်၊ အခုဖွဲ့ထားတဲ့ဥစ္စာ ကျနော်တို့မသိသေးပါဘူး၊ ဘယ်လူမျိုးက ဘယ်လောက် ပါတယ်၊ ဘယ်လူမျိုးက ရာခိုင်နှုန်း ဘယ်လောက်ပါတယ်ဆိုတာ၊ အဲ့ဒီမှာ ကြည့်လိုက်တာနဲ့ တိုင်းရင်းသား တန်းတူရည်တူ အခွင့်အရေးမရှိဘူးဆိုတာ ထင်ရှားနေတာပေါ့၊ ဒီလို ညီလာခံတွေ ခဏခဏ ကျင်းပခြင်းအားဖြင့် ကျနော်တို့ လူမျိုးတွေရဲ့ နိုင်ငံရေးအားနည်းချက်တွေ အားသာချက်တွေသိလာရင် တစ်နေ့နေ့ကျရင် အဲ့ဒါဖြစ်လာမယ်လို့မျှော်မှန်းတာပေါ့"

နိုင်ငံရေးနဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ လယ်ယာမြေနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စတဲ့ မူဘောင် ငါးချက်ကို အခြေခံပြီး ဆွေးနွေးနေကြတာဖြစ်ပြီး စာတမ်းပြုစုထားမှာဖြစ်ပါတယ်။

ဆွေးနွေးပြီးရရှိလာတဲ့ စာတမ်းတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ NLD ပါတီ အစိုးရလက်ထက် မှာ ပြုလုပ်ဖို့ရှိတဲ့ ညီလာခံမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေကို တိုင်းလိုင်၊ တိုင်းလျန်၊ တိုင်းနိုင်း၊ ရှမ်းဗမာ၊ မြေလတ်ရှမ်း၊ ရှမ်းကလေး စသဖြင့် အမည်မျိုးစုံနဲ့ ခေါ်ဆိုနေကြတာပါ။

ရှမ်းနီလူမျိုးတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ကချင်ပြည်နယ်မှာ ဗန်မော်၊ မိုးညှင်း၊ မြစ်ကြီးနား၊ စတဲ့ ခရိုင်သုံးခုနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက အင်းတော်၊ ကသာ၊ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက် စတဲ့ဒေသတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေထိုင်ကြပြီး စုစုပေါင်း လူဦးရေ နှစ်သန်းဝန်းကျင်လောက် ရှိပါတယ်။

ဒီကနေ့ကနေ စတင်ပြီး နှစ်ရက်ကြာပြုလုပ်နေတဲ့ ညီလာခံကို ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီ၊ ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စတဲ့ ဒေသတွေက ရှမ်းတိုင်းရင်းသား ၁ဝဝဝ ကျော် တက်ရောက်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။