ရိုက်တာသတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

2018-01-03
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင်(ခေါ်)ဝလုံးနဲ့ ကိုကျော်စိုးဦး(ခေါ်)မိုးအောင် တို့ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ်
ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင်(ခေါ်)ဝလုံးနဲ့ ကိုကျော်စိုးဦး(ခေါ်)မိုးအောင် တို့ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Kyaw Zaw Win/RFA

အထိန်းသိမ်းခံထားရတဲ့ ရိုက်တာစ်သတင်းထောက် ၂ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂမှာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားအရေး သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ်အတွင်း မစ္စတာတိုင်လာဆန်က အခုလိုထည့်သွင်းပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံထဲက အမေရိကန်သံရုံး ကိုယ်စားလှယ်တွေက ထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ၂ ယောက် အတွက် အမေရိကန်ရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြီးဖြစ်သလို သူတို့ကိုချက်ချင်းလွှတ်ပေးဖို့ဖြစ်စေ၊ သူတို့ဘယ်မှာ ရှိနေတယ်ဆိုတဲ့သတင်းကို ထုတ်ပြန်ပေးဖို့ဖြစ်စေ တောင်းဆိုထားပြီးဖြစ်ပါတယ်လို့ ဝန်ကြီးတိုင်လာဆန်က ထည့်ပြောသွားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တိုင်လာဆန်ဟာ အထိန်းသိမ်းခံထားရတဲ့ ရိုက်တာစ် သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိစ္စနဲ့ ပတ်သက်ပြီး အခုနောက်ဆုံး ပြစ်တင်ရှုတ်ချလိုက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်းအတွင်းမှာ လူတိုင်းကို တန်းတူညီမျှတဲ့အခွင့်အရေးနဲ့ အကျိုး စီးပွားတွေ အပြည့်အဝရရှိအောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

မြန်မာလူမျိုးတွေရဲ့ ငြိမ်းချမ်းရေးလိုလားတောင့်တမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့အတွက် အမေရိကန်ပြည်ထောင် စုဟာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ခဲ့ပါတယ်လို့ မစ္စတာတိုင်လာဆန်က ကြေညာချက်ထဲ မှာ ပြောကြားထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူး အပြောင်းကာလမှာ လိုအပ်တာတွေကို ဆက်လက်ကူညီသွားမှာဖြစ်ပြီး နိုင်ငံတွင်းမှာ ဆယ်စုနှစ်ပေါင်းများစွာဖြစ်နေတဲ့ ပဠိပက္ခတွေ ချုပ်ငြိမ်းစေရေး၊ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတတ်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကိုမြှင့်တင်ဖို့ အရပ်သားအစိုးရကို ဆက်လက်ထောက်ခံ ပံ့ပို့သွားမှာဖြစ်ပါတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်မယ့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ သမ္မတ ဦးထင်ကျော်နဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သလို မြန်မာနိုင်ငံသားအားလုံး လုံခြုံငြိမ်းချမ်းပြီး သာယာဝပြောကြပါစေကြောင်းလည်း ဝန်ကြီးတိုင်လာဆန်က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဒီအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့အတွက် ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံသားတွေအတွက် အကောင်းဆုံးအကောင်းဆုံး ဆုမွန်ကောင်းတောင်းလိုက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ဒါ့ပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဆွေအနေနဲ့ရော၊ လက်တွဲဖက်နိုင်ငံအနေနဲ့ပါ အမေရိကန်ပြည်ထောင်စုက ဆက်လက် ရပ်တည်နေတယ်လို့ သမ္မတထရမ့်ရဲ့ သဝဏ်လွှာထဲမှာ ရေးသားထားပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့