ဖဲ့ွစည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ၁၂ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲကို ထောက်ခံကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
လူမျိုးတစ်မျိုးစီကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ၁ ဦးစီ ပါဝင်ဆွေးနွေးခွင့်ပေးဖို့အတွက် ၁၂ ပွင့်ဆိုင်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံ တာဖြစ်ကြောင်း အဲဒီအရေးကြီးအဆိုကို စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကတ် က ပြောပါတယ်။
"ကျနော်တို့ တိုင်းရင်းသားရေးရာဝန်ကြီးလည်း ပါသင့်တယ်၊ ရှမ်းရေးရာဝန်ကြီးက သုံးယောက် ရှိတယ်၊ အဲ့ထဲက တစ်ယောက်ရွေးလိုက်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးကလည်း တစ်ယောက်ရွေးလိုက်၊ ကရင်မှာ ငါးဦးရှိတယ် တစ်ယောက်ရွေးလိုက်၊ အဲ့သလိုသဘောနဲ့ သွားရင်တော့ ကိုယ်စားပြုမှုက ပိုပြီးပြည့်စုံတယ်၊ တိုင်းရင်းသားမှာ ဒေါက်တာအေးမောင် တစ်ယောက်ထဲဆိုတော့ ရှမ်း၊ ချင်း၊ ကချင်တို့က ကိုယ်စားပြုဖို့က အခက်အခဲရှိနိုင်တယ်လေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ သက်ဆိုင်ရာတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုနဲ့ မဲရလာတယ်ပေါ့၊ ၁၂ ပွင့်ဆိုင်ဆိုရင်လည်း ထောက်ခံတယ်ဆိုတဲ့သဘောပေါ့"
ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကတ်ဟာ ချင်းတိုးတက်ရေးပါတီ ဥက္ကဌ ဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်စုစုပေါင်းမှာ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးရှိပါတယ်။ အဲဒီ ၂၉ ဦးထဲက လူမျိုးစုကြီးတဲ့ ကိုယ်စားလှယ်တွေကို ကိုယ်စားပြုပြီးပါဝင်ခွင့်ပေးဖို့ ဦးနိုထန်ကတ်က တင်ပြတာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့ကပဲ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအစား ၁၂ ပွင့်ဆိုင်တွေ့ဆုံမှု အဖြစ်ပြောင်းလဲပေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ၁၀ ရက်နေ့မှာ အဲဒီ့အဆိုကို အတည်ပြုခဲ့ပါတယ်။
၁၂ ပွင့်ဆိုင်တွေ့ဆုံရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်တင်ပြမယ်လို့ သိရပါတယ်။ ချင်းတိုင်းရေးသားရေးရာ ဝန်ကြီး ဦးနိုထန်ကတ်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
