ရခိုင်လွတ်မြောက်ရေးပါတီ ALP ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက သူ့ရဲ့ဒီမိုကရေစီ လှုပ်ရှားမှု အနှစ်နှစ်ဆယ်ကျော် ကာလအတွင်းရေးသားခဲ့တဲ့ ကဗျာတွေကို မြိုင်ညိုနန်းမှ လွမ်းချင်းများ ဆိုတဲ့အမည်နဲ့ ကဗျာပေါင်းချုပ်တစ်အုပ် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးအတွက် ပြည်ပထွက်သွားတဲ့ အမျိုးသမီး စစ်သည် တစ်ဦးအနေနဲ့ တွေ့ကြုံခံစားရတာတွေကို ရေးသားထားတဲ့ ကဗျာတွေဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
"၁၉၈၈ ခု အမျိုးသမီး စစ်သည်တစ်ယောက်အနေနဲ့ တော်လှန်ရေးဘဝကို ဖြတ်သန်းခဲ့တဲ့အချိန်မှာ လွမ်းဆွတ် တမ်းတပြီးတော့မှ သတိရတဲ့ခံစားချက်တွေ၊ အိုမင်းမစွမ်းကျန်ခဲ့တဲ့ မိဘနှစ်ပါးနဲ့ ကျမစာသင်တဲ့ အခါမှာ ကျန်ခဲ့ တဲ့ကျောင်းသားလေးတွေ စသည်အားဖြင့် ကျမအင်မတန်မှ ခင်မင်လေးစားရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံးကို လွမ်းဆွတ်တမ်းတပြီးတော့မှ ရေးထားတဲ့ကဗျာတွေများပါတယ်၊ ပြီးလို့ရှိရင် ကျမတို့က သမိုင်း ကွယ်ပျောက်နေတဲ့အတွက် သူငယ်တန်းကနေ စတုတ္ထတန်းအထိကို ပြဌာန်း ချက်စာအုပ်ကို ရေးတဲ့အချိန်မှာ ကျမရေးသားခဲ့တဲ့ ရင်တွင်းကဗျာ မျိုးချစ်ပြည်ချစ်ကဗျာတချို့လည်း အဲ့စာအုပ်မှာ ပါဝင်ပါတယ်ရှင့်"
ဒီစာအုပ်မှာ တော်လှန်ရေးကာလ ရခိုင်တိုင်းရင်းသား အမျိုးသမီးတစ်ဦးရဲ့ ခံစားချက်နဲ့ ရင်ခုန်သံတွေ ဖွဲ့သီထားတဲ့ ကဗျာပုဒ်ရေ ၅၀ ပါဝင်ပြီး၊ အုပ်ရေ ၂ ထောင်ဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။