ပယ်ချခံကိုယ်စားလှယ်လောင်း ၈၈ ဦးထဲမှာ NLD ပါတီက ၇ ဦး ပါဝင်


2015.09.03
nyanwin-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကို တွေ့ရစဉ်
Photo: RFA

လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ မညီလို့ ပယ်ချခံထားရတဲ့ ကိုယ်စား လှယ်လောင်း ၈၈ ဦးထဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ပါတယ်။ မိဘနှစ်ပါး နိုင်ငံသား မဖြစ်တာ၊ မြန်မာပြည်ထဲမှာ ၁၀နှစ်ဆက်တိုက် မနေခဲ့တာ၊ မတရားအသင်းနဲ့ ဆက်နွယ်တာ၊ အသက်မပြည့်တာ စတဲ့ အချက်တွေနဲ့ ပယ်ချခံရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အန်ကယ်ရတဲ့ သတင်းအရတော့ ၇ ယောက် ပယ်ချရတဲ့အကြောင်းတွေက အမျိုးမျိုးပဲ၊ သိသလောက်ကတော့ ပါတာတွေက နိုင်ငံသား မိဘနှစ်ပါးကမွေးဖွားခြင်း၊ ၁ဝ နှစ် တဆက်တည်းနေထိုင်ခြင်း၊ သောင်းကျန်းသူနဲ့ ဆက်သွယ်ခြင်း၊ နောက်အသက်မပြည့်တာလည်းပါတယ်"

NLD ပါတီက ရွေးကောက်ပွဲဝင်ဖို့အတွက် အမည်စာရင်းတင်ထားသူ ၁၁၃၈ ယောက် ရှိရာ အဲဒီထဲက ကချင်ပြည်နယ်က နှစ်ဦး၊ ရှမ်းပြည်နယ်က နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးက နှစ်ဦး၊ ရခိုင်ပြည်နယ်က တစ်ဦး ပယ်ချခံထားရတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၈၈ ယောက်ထဲမှာ အန်အယ်လ်ဒီပါတီအပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ စတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ ပါဝင်ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ် ၁၁၇၁ နေရာမှာ နိုင်ငံရေးပါတီ ၉၂ ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက် အမည်စာရင်း တင်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။