ရှမ်းပြည်နယ် နယ်/လုံဝန်ကြီး လားရှိုးမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မည်


2015.08.22

ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူဟာ လာမယ့်ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ လာရောက်လျှောက်ထား ခဲ့တယ်လို့ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ ဦးနှစ်ဆန်းဦးက ပြောပါတယ်။

"ကျနော်တို့ ၁ဝ ရက်နေ့က တပ်မတော်က သူ့ကိုအငြိမ်းစားပေးလိုက်တယ်လို့ သိရပါတယ်ခင်ဗျာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို မေးကြည့်တော့ သူနယ်လုံဝန်ကြီးတာဝန်တွေကို တခါတည်းလွှဲပေးခဲ့တော့ ၁၂ ရက်နေ့ ကျနော်တို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို လာရောက်အမည်စာရင်းတင်သွင်းပါတယ်၊ အမည်စာရင်းနဲ့အတူ ကျနော်တို့ ဥပဒေနဲ့ကန့်သတ်ထားတဲ့ အမည်စာရင်းသွင်းတဲ့အထဲကို နိုင်ငံ့ဝန်ထမ်း မဖြစ်စေရဆိုတဲ့ အပိုဒ်တွေအားလုံးက သူ့ရဲ့အငြိမ်းစားစာရွက်စာတမ်း အထောက်အထားတွေအားလုံး စုံလင်စွာပါပါတယ်ခင်ဗျ"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ရမယ့် နောက်ဆုံးရက်ကို သြဂုတ်လ ၁၈ ရက်နေ့အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်နေ့က တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး မှာ ဗိုလ်မှူးကြီး အောင်သူကို ဝန်ကြီးရာထူးတာဝန်ကနေ အနားပေးလိုက်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လာမယ့်ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အပါအဝင် ပါတီပေါင်း ၁၇ ခု က လွှတ်တော်ကိုယ်စားလှယ် ၃ဝဝ ကျော် ယှဉ်ပြိုင်ဖို့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။