မဲရုံတွေပယ်ဖျက်ဖို့ တောင်းဆိုတဲ့ ကိစ္စ ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားတောင်းခံ


2017.03.23
vote-list-620.jpg ရှမ်းပြည်နယ်အတွင်း မဲစာရင်းကြည့်ရှုနေသူ တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်အတွင်းက ကွန်ကျောင်း၊ နောင်အက်နဲ့ မော်မေ့ ကျေးရွာအုပ်စုတွေမှာ ထားရှိမယ့် မဲရုံတွေကိုပယ်ဖျတ်ပေးဖို့ NLD ပါတီဘက်က တင်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်ရွေးကောက် ပွဲ ကော်မရှင်က ရွေးကောက်ပွဲဝင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေကို ဒီနေ့တွေ့ဆုံပြီး သဘောထားမှတ်ချက်တွေ တောင်းခံခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားမှတ်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဒီနေ့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းခမ်းယဉ်အောင် က ပြောပါတယ်။

"ကျမတို့ဆီကနေ သူတို့က Data တွေယူသွားပါတယ်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှာ တခါတည်း အစီရင်ခံစာရေးပြီးမှ ပြည်ထောင်စုကော်မရှင်ကို တင်ပါ့မယ်တဲ့။ အဲဒါပြီးမှ ကျလာတဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ စောင့်ရုံပေါ့။ မဲရုံမဖွင့်ရအောင်၊ မဲမထည့်ရအောင်လောက်အထိတော့ မဖြစ်လောက်ဘူးလို့ ကျမတို့က ယူဆပါတယ်ရှင့်"

အဲဒီကျေးရွာအုပ်စုတွေဟာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ အခြေချရာ နယ်မြေတွေဖြစ်တဲ့အတွက် မဲရုံတွေမထားရှိဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ တင်ပြထားတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာအုပ်စု ၃ စုမှာ မဲပေးခွင့်ရှိသူ ၄၀၀၀ ကျော်ရှိပြီး တခြားကျေးရွာတွေကို မဲရုံပြောင်းလဲထား ရှိမယ်ဆိုရင် သွားရေးလာရေးခက်ခဲတာကြောင့် မဲပေးသူအရေအတွက် ဆုံးရှုံးနိုင်တဲ့ အနေအထားတွေ ရှိတယ်လို့ ကိုယ်စား လှယ်လောင်းတွေက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

မိုင်းရှူးမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဝလစ်ဘရယ်ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။