ရွှေတိဂုံစေတီတော်ကို လည်ပတ်တဲ့ နိုင်ငံခြားသားဧည့်သည် တိုးလာ

2017-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရွှေတိဂုံဘုရားကို ဖူးမြင်ရစဉ်
ရွှေတိဂုံဘုရားကို ဖူးမြင်ရစဉ်
Photo: Aung Thain Kha/RFA

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသားဧည့်သည်တွေ လာရောက်နှုန်းဟာ တစ်နှစ်ကိုပျှမ်းမျှ တစ်သိန်းဝန်းကျင် တိုးလာတယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပွင့်လင်းမြင်သာတဲ့ အခြေအနေ ဖြစ်လာတာကြောင့် လာရောက်လေ့လာသူတွေ များလာတာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ကပြောပါတယ်။

"တစ်နှစ်ကို တစ်သိန်းကျော်လောက် တက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဗုဒ္ဓဘာသာကို လက်တွေ့ကျင့်ကြံတဲ့ နိုင်ငံခြားသားတွေ များလာလို့လို့ ကျနော့်အနေနဲ့ယူဆပါတယ်။ မြန်မာနိုင်ငံက ပွင့်လင်းမြင်သာပြီး စီးပွားရေး တံခါးလည်းဖွင့်ထားတဲ့အတွက် အဲ့လိုပဲလာကျတဲ့သူတွေ ပိုများလာ တာ တွေ့ရပါတယ်။ ဒါဟာလည်း ဒုတိယအကြောင်းအချက် များလာခြင်းဖြစ်ပါတယ်။"

ရွှေတိဂုံ စေတီတော်ကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က နိုင်ငံခြားသားဧည့်သည် ၁၇၀၀၀၀ ကျော်လာရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ၂၂၀၀၀၀ ကျော်၊ ၂၀၁၂ ခုနှစ်မှာ ၃၄၀၀၀၀ ကျော်၊ ၂၀၁၃ ခုနှစ်မှာ ၄၁၀၀၀၀ ကျော်၊ ၂၀၁၄ ခုနှစ်မှာ ၅၀၀၀၀၀ ကျော်၊ ၂၀၁၅ ခုနှစ်မှာ ၅၁၀၀၀၀ ကျော်နဲ့ ၂၀၁၆ ခုနှစ်မှာ ၆၁၀၀၀၀ ကျော် ရှိခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ လာရောက်လေ့လာသူဦးရေ ၃၆၀၀၀၀ ကျော်ရှိပြီလို့ ပြောပါတယ်။

နိုင်ငံခြားသား ဧည်သည်တစ်ဦးအနေနဲ့ စေတီတော်ကို ဝင်ကြေး ကျပ် ၈၀၀၀ ပေးသွင်းရတာဖြစ်ပါတယ်။

လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားဧည့်သည်တွေထဲမှာ ထိုင်းနိုင်ငံသားတွေ အများဆုံးပါဝင်ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ်နဲ့ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရင်က ရွှေတိဂုံစေတီတော်က ဘုရားပုထိုးတွေနဲ့ စေတီတွေကို နိုင်ငံခြားသားဧည့်သည်တွေအနေ နဲ့  ပြုပြင်မွန်းမံဖို့ လှူဒါန်းလိုတယ်ဆိုရင် အလှူရှင်က ကမ္ပည်းထိုးလိုတဲ့ဘာသာစကားနဲ့ ကမ္ပည်းထိုးခွင့်ပေးခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ကစပြီး မြန်မာ၊ အင်္ဂလိပ်ဘာသာစကားနှစ်မျိုးနဲ့သာ ကမ္ပည်းထိုးခွင့်ပေးတော့တယ်လို့လည်း ပြော ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ဖိုးသကြား

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်ပြီး ဘုရားဖူးခ တောင်းခံ ကောက်ခံတဲ့ ကိစ္စကအင်မတန်ရှက်စရာကောင်းလှပါတယ်။ ဗိုလ်နေ၀င်း လက်ထက်တုန်းကတောင်မှ အဲဒီလို နိုင်ငံခြားသားကို ပိုက်ဆံတောင်းတာမရှိခဲ့ပါဖူး။ နောက်ပိုင်းကျတော့ -- ဆရာထက် တပည့်လက်စောင်းထက် သူများက အဲဒီစနစ်ကို တီထွင်ပြီး တောင်းစားတဲ့အမှုကို ဖန်တီးတော့ပါပဲ။ ဘုရားကိစ္စ သဒ္ဒါ ရှိမှ အလှုငွေထည့်တာကောင်းပါတယ်။ ဘုရားကို ဗန်းပြ ပိုက်ဆံကောက်တဲ့ကိစ္စကတော့ ဗုဒ္ဓဘာသာ စစ်စစ် ဆိုရင် ရှက်တတ်လို့ရပါတယ်။ ဘုရားဝေယာဝစ္စအတွက်၊ သန့်ရှင်းရေးအတွက် စသည့် တို့အတွက် ငွေကြေးက လှုဒါန်းသူမြန်မာများနဲ့တင် ပိုလျှံ နေပါသေးတယ်။ သန့်ရှင်းရေးအတွက်လည်း ကုသိုလ်ရှင် အဖွဲ့များက အခမဲ့သန့်ရှင်းရေးလုပ်နေကြတာ နှစ်ပေါင်းများစွာကတည်းကပါ။ လျှပ်စစ်မီးခလည်း အစိုးရတာဝန်ပါပဲ။ ဒါ့ကြောင့် အစိုးရသစ် -- NLD အစိုးရအနေနဲ့ ဘုရားများမှာ နိုင်ငံခြားသားခရီးသွားအလည်အပတ်လာသူများအတွက် အခမဲ့ ဘုရားဖူးခွင့်ပြုရင်းနဲ့ ကုသိုလ်ယူနိုင်ပါကြောင်း၊ အခြား နေရာများတွင်အခကြေးငွေကောက်ခံခြင်းဖြင့်လည်း ခရီးသွားလုပ်ငန်းအတွက် ၀င်ငွေခွန်ရနိုင်ပါကြောင်း ဟိုတယ်နှင့်ခရီး ၀န်ကြီးဆိုသူကို အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ NLD အစိုးရကုသိုလ်ရပါစေကြောင်း.... ။ ဖိုးသကြား

Aug 12, 2017 12:18 AM

ဆိုက်တခုလုံးသို့