လွှတ်တော်ကိုယ်စားလှယ်တွေ အရည်အချင်းမြှင့်တင်ဖို့လိုကြောင်း သူရဦးရွှေမန်း ပြောကြား


2015.09.02
shwemann-dassk-parliament-620.jpg လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းမှာရှိတဲ့ ဇမ္ဗူသီရိခန်းမဆောင်မှာ စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပနေစဉ်
Photo: Win Ko Ko Latt/ RFA

လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခွန်အကောက်ဆိုင်ရာကိစ္စတွေ၊ ဘတ်ဂျက်ကိစ္စ တွေမှာ နားလည်မှုနည်းပါး တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။ နေပြည်တော် လွှတ်တော်ဝင်းထဲမှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲမှာ သူရဦးရွှေမန်း က အခုလို ပြော ကြားလိုက်တာပါ။

"ကျနော်တို့ လွှတ်တော်ရဲ့အားနည်းချက်ကိုပြောပါဆိုရင် ကျနော်တို့လွှတ်တော်မှာ အတွေ့အကြုံနည်း တာတွေ၊ လွှတ်တော်ကိုယ်စားလှယ်ထဲကရော၊ လွှတ်တော်ကော်မတီထဲကရော၊ ကျနော်တို့ဆီမှာ ဘတ်ဂျက်ဆိုင်ရာ၊ အခွန်ကောက်ဆိုင်ရာ ကျွမ်းကျင်သူ၊ နားလည်သူမရှိဘူး၊ မရှိတဲ့အတွက် အဲ့ဒီချိန်မှာ ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ ဘတ်ဂျက်စီမံကိန်း၊ အခွန်ကောက်ကိစ္စတွေကို နားလည်သလောက် ကျနော်တို့ လုပ်နေရတယ်"

ဒါ့အပြင် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ငန်းစဉ်တွေကို တချို့အဖွဲ့အစည်း တွေက လိုက်နာဆောင်ရွက်မှု မရှိကြောင်းလည်း သူရဦးရွှွေမန်းက ပြောပါတယ်။

အဲဒီအခမ်းအနားကို တက်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ ကိုပါ မြှင့်တင်ပေးဖို့ လိုအပ်နေကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

"ကိုယ်စားလှယ်များရဲ့ အရည်အချင်းတွေဆိုတာ တစ်နည်းအားဖြင့် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေရဲ့ တာဝန်တွေလည်းဖြစ်တယ်၊ ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်းရဲ့တာဝန်တွေလည်းဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီကဝန်ထမ်းတွေကို အရည်အချင်းမြှင့်တင်ပေးဖို့ဆိုတာ လွှတ်တော်မှာ အဓိကတာဝန်ရှိပါတယ်၊ အဲ့ဒါ ကိုလည်း ကျမအလေးထားပါတယ်၊ လွှတ်တော်တစ်ခုဆိုတာ ဘယ်လိုလည်ပတ်ရမလဲဆိုတာ ဝန်ထမ်းများ နားလည်ဖို့ လိုတယ်၊ ဒါပေမဲ့ ဝန်ထမ်းများ နားလည် ရုံတင်မကဘူး၊ ဝန်ထမ်းများကို လုပ်ပိုင်ခွင့်တွေ လည်းပေးရမယ်၊ အဲ့တော့ ကျမတို့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တချို့လွှတ်တော်ကိုယ်စား လှယ်တွေ က ဝန်ထမ်းများဟာ လွှတ်တော်ကိုယ်စားလှယ်များခိုင်းဖို့အတွက်ပဲဖြစ်နေရတယ်၊ ဝန်ထမ်းများဟာ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် မဟုတ်ပါဘူး၊ လွှတ်တော်အတွက်ဖြစ်ပါတယ်၊ နိုင်ငံအတွက်ဖြစ် ပါတယ်"

လွှတ်တော်အဆောက်အအုံတချို့ဟာ လွှတ်တော်အင်္ဂါရပ်နဲ့ မညီကြောင်း ဒေါ်အောင်ဆန်းစုကြည်ကတင်ပြခဲ့ရာ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အကူအညီတောင်းပြီး ပြန်လည်မွမ်းမံရေးဆောင်ရွက်ဖို့ သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် ကို တာဝန်ပေးလိုက်ပါတယ်။

ဆွေးနွေးပွဲကို UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ IPU နိုင်ငံတကာ ပါလီမန်များအဖွဲ့နဲ့ တခြားအကူအညီပေးနေတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။