စင်္ကာပူရောက် မြန်မာတွေ လူလိမ်မခံရအောင် သတိပေး


2016.06.18
singapore-620.jpg စင်္ကာပူနိုင်ငံကို တွေ့ရစဉ်
Photo: www.changiairport.com

စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ကိုယ်ရေး အချက်အလက်တွေ၊ ငွေလွှဲခိုင်းတာတွေ ရှိလာရင် မပေးကြဖို့ စင်္ကာနိုင်ငံ အလုပ်သမား အင်အားဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။

အဲဒီလို စင်္ကာပူအစိုးရက ထုတ်ပြန်လိုက်တာဟာ ငွေကြေးလိမ်လည် တောင်းတာတွေ ရှိနေတာကြောင့် ကြေညာ ချက်ထုတ်ပြန်ထားတာဖြစ်ကြောင်း စင်္ကာပူနိုင်ငံ မှာ အလုပ်လုပ်ကိုင်နေတဲ့ ဦးအောင်မင်းဆွေက ပြောပါတယ်။

"စင်္ကာပူ MOM ကထုတ်ထားတာကတော့ မသိတဲ့ဖုန်းနံပါတ်တွေကနေခေါ်ပြီးတော့ ကိုယ့်ရဲ့IC တွေ၊ နာမည်တွေ၊ မွေးနေ့တွေပေါ့နော်၊ ကိုယ့်ရဲ့ဘဏ်ကဒ်တွေ၊ အကြွေးဝယ်ကဒ်တွေ၊ အဲ့ဒါတွေမေးလာရင် မပြောဖို့ ဘာလို့လည်းဆိုတော့ အခုလိမ်တဲ့သူတွေကနည်းပညာကမြင့်လာပြီလေ၊ သူတို့ခေါ်တဲ့ဖုန်းက မသိရင် ဌာနဆိုင်ရာကခေါ်တဲ့အတိုင်းပဲ၊ ဖုန်းဆက်လာရင်ဘာမှမပေးဖို့၊ တစ်ကယ်လို့ ကိုယ်ကအမှု တစ်ခုဖြစ်နေရင်လို့ သူတို့ကဖုန်းဆက်ခေါ်ချင်တယ်ဆိုရင် ကိုယ့် နာမည်ကိုခေါ်မယ်၊ ရဲစခန်းကိုပဲလာခိုင်း မှာပဲ၊ ကိုယ်ရေးအချက်အလက်တွေတောင်းရင် ပေးစရာမလိုဘူး"

စင်္ကာနိုင်ငံ အလုပ်သမားအင်အား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကြေညာချက်ဟာ မြန်မာနိုင်ငံသားတွေ အပြင် စင်္ကာပူမှာသွားရောက် အလုပ်လုပ်နေတဲ့ နိုင်ငံခြား သားအလုပ်သမားအားလုံးကို သတိပေးထားတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေထံ ဖုန်းနဲ့ငွေတောင်းခံတဲ့ နံပါတ်က ၆၄၃၈ ၅၁၂၂ ဖြစ်ပါတယ်။ တိုင်ကြားလိုတယ် ဆိုရင် ရဲဌာနဖုန်းနံပါတ် ၁ ၈၀၀ ၂၅၅ ၀၀၀၀ ကို ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။

စင်္ကာပူရဲဌာနရဲ့ အရေးပေါ် ဆက်သွယ်တဲ့ တယ်လီဖုန်း နံပါတ်ဖြစ်တဲ့ ၉၉၉ ကို ဆက်သွယ် အကြောင်းကြား ဖို့ကိုလည်း စင်္ကာနိုင်ငံ အလုပ်သမားအင်အား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကလည်း စင်္ကာပူရဲဌာန၊ စင်္ကာပူ စာပို့ဌာန၊ DHL စတဲ့ဌာနတွေကဆိုပြီး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ကိုယ်ရေးအချက် အလက်တွေ တောင်းပြီး လိမ်လည်မှုတွေရှိခဲ့တာ ကြောင့် အချက်အလက်တွေကို မပေးလိုက်ဖို့ကိုလည်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။