ကျားဖြူပါတီ ကိုယ်စားလှယ်လောင်း ၂ဝဝ အတွက် ကျပ် ၁ဝ သိန်း စီ ထောက်ပံ့မည်


2015.07.24
sndp-party-meet-620 ရှမ်းပြည်နယ် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ကျားဖြူပါတီက ဗဟိုကော်မတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ်
Photo: Khun Yarzar/RFA

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီကို ကိုယ်စားပြုပြီး နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ဝဝ ကို မှတ်ပုံတင်ကြေးနဲ့ စည်းရုံးရေးအတွက် ငွေကျပ်စုစုပေါင်း ကျပ်၁၀သိန်းစီ ပါတီက ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ကျားဖြူပါတီ ဗဟိုကော်မတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ဒီနေ့ တွေ့ဆုံပွဲမှာ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောခဲ့တာဖြစ်ပါတယ်။

"ပါတီကတော့ မြို့နယ်တစ်မြို့နယ် တစ်မြို့နယ် အခုလောလောဆယ် ၃ သိန်းစီကတော့ မြို့နယ်စည်းရုံးရေး ရန်ပုံငွေအတွက်ပေါ့နော် ၃ သိန်းစီ၊ နောက်တစ်ခါ ကျနော်တို့ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအတွက် ကပေါ့နော် မှတ်ပုံတင်ဖို့အတွက်က ၃ သိန်းစီ၊ နောက်တစ်ခါ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအတွက်ကို စည်းရုံးရေးဆင်းဖို့အတွက် တစ်ဦးဝင်မယ်ဆိုရင် ၇ သိန်းပေါ့နော်၊ အဲ့ဒီတော့ ကိုယ်စားလှယ်လောင်းအတွက်က မှတ်ပုံတင်လုပ်တာနဲ့ စည်းရုံးရေးအတွက် ၁ဝ သိန်း ထောက်ပံ့တဲ့သဘောဖြစ်တာပေါ့နော်"

အဲ့ဒီ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ခံရပြီး လွှတ်တော်ထဲရောက်ရှိတဲ့အခါ တခြားပါတီဆီ ကူးပြောင်းခွင့်မရှိဘူးဆိုတဲ့ အချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကျားဖြူပါတီဟာ ရှမ်း၊ ကချင်၊ ကယား၊ စစ်ကိုင်း၊ မန္တလေး စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုက မဲဆန္ဒနယ် ၆၃ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်းပြည်နယ်က နေရာတချို့မှာ ကျားခေါင်း (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေနဲ့လည်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မဲဆန္ဒနယ် ၆၃ နေရာမှာ လွှတ်တော်သုံးရပ်နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်း ၂ဝဝ ထဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၃ဝ ပါဝင်တယ်လို့ သိရပါတယ်။

ကျားဖြူပါတီဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ နဲ့ ၂ဝ၁၂ ရွေးကောက်ပွဲတွေမှာ လွှတ်တော်ကိုယ်စားလှယ် ၅၈ ယောက် ရွေးချယ် ခံထားရပြီး ပြည်ထောင်စုအဆင့်ဝန်ကြီး ၁ ဦး၊ ပြည်နယ်ဝန်ကြီး ၅ ဦး ခန့်အပ်ခံထားရပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကို သတင်းထောက် မရွှေရည်မဉ္ဇူက ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။