တိုင်းနဲ့ ပြည်နယ် လွှတ်တော်ဥက္ကဌများ တင်မြှောက်


2016.02.08
kachin-parliament-620.jpg ဖေဖော်ဝါရီလ ၈ ရက်နေ့က ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေး စတင်ကျင်းပစဉ်
Photo: Kyaw Myo Min/RFA

ဒုတိယအကြိမ် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို ဒီနေ့ စတင်ကျင်းပပြီး လွှတ်တော် ဥက္ကဌ နဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်တင်မြှောက်ရာမှာ ရှမ်းနဲ့ ကချင်ပြည်နယ်ကလွဲပြီး ကျန်တဲ့တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၂ခုမှာ လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌတွေကို အမည်စာရင်း အပြိုင်တင်သွင်းသူ မရှိတာကြောင့် မဲခွဲမဆုံးဖြတ်ခဲ့ရဘဲ အတည်ပြုနိုင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်မှာ သဘာပတိရွေးချယ်တာကအစ အမည်စာရင်း အပြိုင်တင်သွင်းသူတွေရှိတာကြောင့် မဲခွဲဆုံးဖြတ်ခဲ့ရတယ်လို့ အန်အယ်လ်ဒီပါတီက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင် က ပြောပါတယ်။

"သဘာပတိ ရွေးချယ်းပြီးတာနဲ့ ဥက္ကဌပေါ့နော်၊ ပြီးတာနဲ့ ဒုတိယဥက္ကဌကို ပြန်ရွေးချယ်ပါတယ်၊ ကျနော်တို့ SNLD ကိုလည်းပဲ အားပေးထောက်ခံပါတယ်၊ SNLD က သဘာပတိနဲ့ ဥက္ကဌကို သူတို့တင်သွင်းတယ်၊ နောက်ဒုတိယ ဥက္ကဌကို ပြန်တင်သွင်းပါတယ်၊ ဒါပေမဲ့မရပါဘူး"

ရှမ်းပြည်နယ်မှာ ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌနေရာတွေအတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်တို့က အမည်စာရင်း အပြိုင်တင်သွင်းခဲ့တာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးစိုင်းလုံးဆိုင်နဲ့ ဒုတိယဥက္ကဌအဖြစ် လက်ရှိ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တို့ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ ဦးစိုင်းလုံးဆိုင်ဟာ ပြီးခဲ့တဲ့ သက်တမ်း မှာ ပြည်နယ်လွှတ်တော် ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒါဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခံရတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌနေရာတွေအတွက် အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီတို့ အမည်စာရင်း အပြိုင်တင်သွင်းခဲ့တာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ အန်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့ပါတယ်။

ကျန်တဲ့ ကယား၊ ကရင်၊ ချင်း၊ မွန် စတဲ့ပြည်နယ် ၅ခုနဲ့ တနင်္သာရီ၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီး ၇ခု စုစုပေါင်း တိုင်း/ပြည်နယ် ၁၂ ခုမှာ အမည်စာရင်း အပြိုင်တင်သွင်းတာမရှိဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရကိုယ်စားလှယ်တွေကိုသာ ရွေးချယ်တင်မြှောက်နိုင်ခဲ့တာ ဖြစ် ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ ပြည်နယ်တွင်းမှာ ကိုယ်စားလှယ် အများဆုံးအနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသား ပါတီက ပြည်နယ်လွှတ်တော်ဥက္ကဌနေရာအတွက် ဦးစံကျော်လှနဲ့ ဒုတိယဥက္ကဌနေရာအတွက် ဦးဘိုးမင်းတို့ကို အဆိုပြုတင်သွင်းရာ ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက လွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေ ရွေးချယ်တင်မြှောက်ခဲ့ကြပုံ၊ တင်မြှောက်ခံ လွှတ်တော်ဥက္ကဌနဲ့ ဒု ဥက္ကဌ တွေရဲ့ စကားတွေကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ရဲ့ လက်ရှိအနေအထားနဲ့ ပတ်သက်ပြီး ကျောက်ဖြူ မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ရှမ်းပြည်နယ်မှာ ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌနေရာတွေအတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က အမည်စာရင်း အပြိုင်တင်သွင်းခဲ့တာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အနိုင်ရသွားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဌ ဦးခွန်ထွန်းဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။