ဆန္ဒပြကျောင်းသား ကိုပိုင်ရဲသူကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထား


2015.07.03
paingyethu-620 တကသကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူ ပုံ
Photo: RFA

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်ခဲ့တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေထဲက ကိုပိုင်ရဲသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသအဖွဲ့ဝင်တွေဟာ ဒီနေ့ အင်းစိန်အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံဖို့ ကြိုးစားပေမယ့် တွေ့ခွင့်မရခဲ့ဘဲ ပစ္စည်းတွေပဲ ပေးခဲ့ရတယ်လို့ တကသ အဖွဲ့ဝင် ကိုဖိုးသားက ပြောပါတယ်။

"ဒီနေ့တွေ့ခွင့်မရဘူး တွေ့ခွင့်မရဘဲနဲ့ ပါဆယ်တော့ပို့ခွင့်ရတယ်၊ ကျနော် ပါဆယ်ပဲပို့ခဲ့ရတယ် ဒီကြားထဲသူတို့ မိသားစုနဲ့ပေါ့ တွေ့ခွင့်ရဖို့ ကျနော်တို့ကြိုးစားနေပါတယ်၊ သူ့အမေနဲ့သူ့အဒေါ်တော့ လာပြီးတွေ့တာ တွေ့ခွင့် မရတော့ သူတို့လည်း လိုအပ်တဲ့ပါဆယ်တွေပဲ သူတို့ ဝယ်ပြီးပို့ပေးခဲ့တယ်၊ ဒီကြားထဲမှာသူတို့ တွေ့ခွင့် ရအောင် ထောင်ပိုင်ကလုပ်ပေးမယ်လို့ပြောတယ်"

ကိုပိုင်ရဲသူ အပါအဝင် ဆန္ဒပြကျောင်းသား ၅ ဦးကို ပန်းပဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းတို့က တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတဲ့အပြင် ကိုပိုင်ရဲသူ၊ ကိုနန်းလင်းနဲ့ ကိုဇေယျာလွင်တို့ ၃ ဦးကို ပန်းပဲတန်းမြို့နယ် ရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထပ်မံအမှုဖွင့်ထားပါတယ်။

ကျောင်းသူ ကျောင်းသား ၃ဝ ကျော်လောက်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်သွားရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ဒဂုံတက္ကသိုလ်က တကသအဖွဲ့ဝင် ၂ဝ လောက်ဟာ ကိုပိုင်ရဲသူ အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသား ကျောင်းသူတွေကို လွှတ်ပေးဖို့ တက္ကသိုလ်ဝင်းအတွင်းမှာ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။